#Local_News
Published-14 December 2022

 

ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ၉၂ တစ်လီတာ ၁၈၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၀၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။

 

ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကိုရပ်နားထားရကြောင်းလည်း သိရသည်။

 

“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက်၊ ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှအဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group