#Local_News
Published _ 13 December 2022

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ လူကိုယ်တိုင်ဖြေဆိုမည့် နိုင်ငံ ၅ ခုမှ ကျောင်းသားများ ရောက်ရှိလာကြပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

မနက်ဖြန် ဒီဇင်ဘာလ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ အဆိုပါ ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) ကို ပြုလုပ်မည် ဖြစ်ပြီး လူကိုယ်တိုင်နှင့် Online မှ ပါဝင်ယှဉ်ပြိုင်မှု နှစ်မျိုးပေါင်းစပ်ထားသည့် Hybrid Event ပုံစံဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာ ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ တစ်နိုင်ငံလျှင် သုံးဦးစီ ဖြင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈ ဦးက လူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ အွန်လိုင်းက တစ်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်ကျောင်းသားများမှာ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများဖြစ်ကြကြောင်းလည်း သိရသည်။

 

အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများက နှစ်နှစ်တစ်ကြိမ် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ရှိကြောင်း၊ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ လူကိုယ်တိုင်တက်ရောက်ဖြေဆိုသည့် Physical Event အဖြစ် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် နဝမကြိမ်မြောက် အာဆီယံဒေသတွင်း အဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုအခြေအနေများကြောင့် လူကိုယ်တိုင်တက်ရောက်သည့် Physical Event အဖြစ် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ Online Event အဖြစ်သာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group