#LocalNews
Published _ 12 December 2022

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox's Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

အဆိုပါအပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ ဆုံပွဲ(IFR-2022) ဖွင့်ပွဲအခမ်း အနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အဆိုပါအခမ်းအနားတွင် ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လိုက်ပါခဲ့သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2022) ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်း၊ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများ တည်ခင်းဧည့်ခံပွဲတွင် ကြာဆံဟင်းခါး၊ မုန့်ကြာစေ့၊ ရွှေဖီဦးလက်ဖက်ရည်၊ နန်းမြိုင်ကော်ဖီ၊ ပုသိမ် ဟာလဝါတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ခြင်း၊ ကမ်းခြေ၌ကျင်းပသော ပျော်ပွဲရွှင်ပွဲများသို့ အပြည်ပြည်ဆိုင်ရာ ရေတပ်အရာရှိ၊ စစ်သည်များနှင့်အတူ တက်ရောက်ခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

 

ယခုသွားရောက်ခဲ့သောခရီးစဉ်မှာ မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်းရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group