#Local_News
Published_10 December 2022

 

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းနှင့် လှိုင်သာယာဒဂုံဧရာအဝေးပြေးကားဝင်းတို့တွင် မှတ်ပုံတင်ကိုင်ဆောင်ပြနိုင်မှသာလျှင် ကားလက်မှတ်ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။

 

အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှအဝေးပြေးကားဂိတ်တွေကို ညွှန်ကြားခဲ့ပြီး “နိုင်ငံသားစိစစ်ရေးကတ်မပါလျှင် စီးနင်းခွင့်မပြု” ဆိုသည့် စတစ်ကာများ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

YRTC မှ ယာဉ်လိုင်းဂိတ်တွေဆီကနေ ခရီးသည်အချက်အလက်များ အပတ်စဉ် စစ်ဆေးလျက်ရှိပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်ကို ယာဉ်လိုင်းဘက်မှ ဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

ယာဉ်လိုင်းများမှ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် စသည့်ကတ်များနှင့် ဝယ်ယူခွင့်မပေးရန်ညွှန်ကြားထားပြီး ကားဂိတ်တွေအနေနှင့် မှတ်ပုံတင်မပါသူကို လက်မှတ်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယာဉ်လိုင်းကို ၃ လ၊ ၆ လ ရပ်နားမည်ဖြစ်ကာ တတိယအကြိမ် ဖောက်ဖျက်ပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group