#Local_News
Published_6 December 2022

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် စည်းရုံးရေးနယ်မြေအတွင်းရှိ စခန်းသစ် ကျေးရွာအနီး ကာယားကျွန်း၏ အနောက်တောင်ဘက် ၁ ဒဿမ ၄ မိုင်ခန့်အကွာ တွင် ဒေသခံငါးဖမ်းလှေမှ ဝေလငါးမန်း(Whale Shark)ဒေသအခေါ် (ဝါဇီပျောက်) ငါး(အလျား ၂၄ ပေခန့်၊ အနံ ၆ ပေခန့်) အသေတစ်ကောင်ကို ဒီဇင်ဘာ ၂ ရက်တွင် တွေ့ရှိခဲ့ပြီး စခန်းသစ်ကျေးရွာအုပ်စု၊ ရာကျော်သဲတန်းရွာ ကမ်းခြေသို့ သယ်ယူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

အဆိုပါ စခန်းသစ်ကျေးရွာအနီးရှိ စစ်ရေယာဉ်မှ စစ်ရေယာဉ်မှူးနှင့်အဖွဲ့က ရာကျော်သဲတန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံအဖွဲ့များနှင့် ပူးပေါင်း၍ ပုံစံမပျက်မြှုပ်နှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဦးစီးအဖွဲ့၊ မြိတ်တက္ကသိုလ်အဏ္ဏဝါ သိပ္ပံဌာနမှ ဌာနမှူးဦးစီး ကျောင်းသား၊ကျောင်းသူ လေ့လာရေးအဖွဲ့နှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး စနစ်တကျ မြှုပ်နှံပေးခဲ့ကြောင်း သိရသည်။

 

မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ လေ့လာတွေ့ရှိချက်အရ အဆိုပါ ဝေလ ငါးမန်း(Whale Shark) ဒေသအခေါ်(ဝါဇီပျောက်)ငါး၏မျိုးစိတ်မှာ Rhincodon typus ဖြစ်ပြီး သက်တမ်း ၈၀ နှစ်မှ ၁၀၀ နှစ်အကြား အသက်ရှင်နိုင်သော ဝေလ ငါးမန်းအမျိုးအစားဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုတွေ့ရှိရသော ဝေလငါးမန်း(Whale Shark)မှာသက်တမ်း ၁၅ နှစ်မှ ၂၀ နှစ်အကြားရှိသည့် ဝေလငါးမန်းအမျိုးအစားဖြစ်၍ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရာသီဥတုဆိုးရွားခြင်းနှင့် ရေစီးကြောင်းကြောင့် ပင်မ ကမ်းခြေအနီးသို့ရောက်ရှိပြီး ရေချိုနှုန်းများသည့်အတွက် သဘာဝအလျောက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group