#Local_News
Published _ 6 December 2022

 

ရန်ကုန် - ချင်းမိုင် အသွားအပြန်ခရီးစဉ်သစ်ကို လာမည့် ဒီဇင်ဘာလ ၉ ရက်တွင် စတင်ကာ တပတ်လျှင် ၂ ကြိမ်ခန့် ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။

 

အဆိုပါ ခရီးစဉ်သစ် ပြေးဆွဲပေးမည့်အကြောင်းနှင့်ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်း ရုံးချုပ်တွင် ယမန်နေ့က နိုင်ငံတကာ ခရီးစဉ်သစ် ရန်ကုန် - ချင်းမိုင် - ရန်ကုန် ခရီးစဉ် မိတ်ဆက်ပွဲအား ကျင်းပခဲ့ကြောင်းလည်း သိရှိရသည်။

 

ခရီးစဉ်အား အပတ်စဉ်သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှ ပျံသန်းပြေး ဆွဲပေးသွားမှာဖြစ်ပြီး လက်မှတ်ခများအနေဖြင့် အသွားအပြန် ဒေါ်လာ ၁၆၀ နှင့် အသွားတစ်ကြောင်းလျှင် ၈၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ဒေါ်လာနှင့်လည်း ဝယ်ယူနိုင်သလို မြန်မာကျပ်ငွေဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 

ရန်ကုန်မှ ချင်းမိုင်သို့ ညနေ ၅ နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ည ၇ နာရီတွင် ရောက်ရှိမှာဖြစ်သလို ချင်းမိုင်မှ ရန်ကုန်သို့ ည ၈ နာရီတွင် ပြန်လည်ထွက်ခွာပြီး ည ၈ နာရီ မိနစ် ၅၀အချိန်ခန့်တွင် ပြန်လည်ရောက်ရှိမည်ဟု သိရသည်။

 

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ရန်ကုန် - ချင်းမိုင် - ရန်ကုန် ခရီးစဉ်ကို ကိုဗစ်ကပ်ရောဂါကာလမတိုင်မီက ပြေးဆွဲပေးခဲ့ပြီး ကိုဗစ်ကာလအတွင်း ရပ်နားခဲ့ရာမှ ယခု နောက်တစ်ကြိမ်ထပ်မံပြေးဆွဲပေးတာဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်အနေဖြင့် လက်ရှိတွင် စင်ကာပူ၊ ဘန်ကောက်၊ ကူမင်း၊ ဗုဒ္ဓဂယာ စသည့် ခရီးစဉ်များအား ပြေးဆွဲပေးနေပြီး တရုတ်နိုင်ငံနှင် အိန္ဒိယနိုင်ငံများရှိ မြို့များကိုလည်း တိုးချဲ့ပြေးဆွဲပေးသွားရန် ဆောင်ရွက်နေကြောင်း သိရသည်။

#ymg/NN
#Yangon _Media _Group