#Local_News
Published_2 December 2022

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လုပ်ကြံခံသူများနှင့်ဘဏ်အား ဓားပြတိုက်ရန် စီစဉ်သူများကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယင်းဖြစ်စဉ်မှ ဝေယံကောင်းထက်(ခ)Lu Aye ဆိုသူကို နိုဝင်ဘာလ ၂၆ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် ၎င်း၏နေအိမိပေါ်မှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ) သော်ထွန်းအောင်နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွား၊သက်ဇော်အောင်(ခ) အောင်လေးတို့ကိုလည်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဝေယံကောင်းထက်(ခ)Lu Aye ၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ရန်စီစဉ်ထားရှိကြောင်း ၊ ယင်းအပြင် ၎င်းတို့၏အဖွဲ့ဝင်များဖြစ်သော သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း ၊ ညီမင်းထွန်း တို့ကိုလည်း နိုဝင်ဘာလ ၃၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

ယင်းတို့ လူကူးကုန်းကျော်တံတားပေါ်၌ စုဝေးလျက်ရှိကြောင်းဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း တို့ ၃ ဦးကို လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ညီမင်းထွန်း အား လက်နက်ငယ်ကျည်ထိ မှန်ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်အနီး၌ ရာအိမ်မှူးဦးဆန်းမင်းထွန်း၊အမှတ်(၃၂)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရလမ်းထောင့်၌ ရာအိမ်မှူးဦးအောင်အောင် နှင့်မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ဇကားဝါလမ်းထောင့်၌ ရာအိမ်မှူးဦးစိုးစိုး တို့ကို လုပ်ကြံခြင်းနှင့် ဖောက်ခွဲမှု ၄ ကြိမ်ကျူးလွန်ခဲ့ကြောင်းလည်း စစ်ဆေးရာတွင် ထွက်ဆိုခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး၏ဖော်ပြချက်အရ သိရသည်။

 

#ymg/mt
#Yangon_Media_Group