#Local_News
Published_29 November 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ နိုဝင်ဘာလ ၂၈ ရက်တွင် စစ်ဆေးပြီး ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်တွင် အမှုအမှတ် ၄၆ ကို စတင်စစ်ဆေးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်တွင် ကျန်ရှိနေသော အမှု အမှတ် ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

"လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ သက်သေစစ်မယ်၊ ဘယ်သူ့ကို စစ်မယ်၊ ဘယ်ဘက်က သက်သေကို စစ်မယ်ဆိုတာတွေ ဘာမှမသိရသေးဘူး"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစ၍ ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ဦးဝင်းမြင့်ကို စတင်စစ်ဆေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းလည်း ဖြစ်သည်။

 

ရဟတ်ယာဉ်နှင့်ပတ်သက်သောအမှုများမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများ ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group