#Local_News
Published_24 November 2022

 

မင်္ဂလာတောင်ညွန့်နှင့် တာမွေတို့တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ လူနှစ်ဦးကိုလုပ်ကြံ၍ ဓားပြတိုက်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာရုံးခန်းအတွင်းသို့ အဆိုပါ ဘူတာစာရေး သန်းဇော်ဦးကဓားပြတိုက်လုယက်ရန် သတင်းပေးခဲ့သည့်အတွက် ပစ္စတို ၁ လက် ကိုင်ဆောင်ထားသူအမျိုးသား ၂ ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်းအား ခြိမ်းခြောက်၍ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထားလက်မှတ်ရောင်းရငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၀ဝ ကျော်ကို လုယက်ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျူးလွန်ရာမှုတွင် ပါဝင်သည့် သူရိန်ထွန်း(ခ)ဖိုးသား နှင့် တရားမဝင်ပေါင်းသင်းနေသူ အိအိဇော်၊ နောက်တစ်ဦးဖြစ်သူ ဝေလင်းအောင်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သော ရဲရင့်ခန့်နှင့် ထွန်းလင်းအောင်တို့ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိကာ ပစ္စတိုမျိုးစုံ ၃ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်းနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သူရိန်ထွန်း(ခ)ဖိုးသားနှင့် ရဲရင့်ခန့်တို့ ၂ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ၁ လခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက်ခဲယမ်းများကို မြဝတီမြို့ မှတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း တာမွေမြို့နယ်၊ ကျားကွက် သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး(အရှေ့)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရာအိမ်မှူး ဦးကျော်မင်းဟန်အား လုပ်ကြံကာ စက်တင်ဘာလ ၁၀ ရက်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်၊ ဗညားဒလလမ်းပေါ်၌ လက်လုပ်ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးအောင်အောင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group