#Local_News
Published_ 24 November 2022

 

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

နစကဥက္ကဋ္ဌက အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာမျိုးသန့်တင်နှင့် ဒေါက်တာဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း- ပညာရေးတက္ကသိုလ်) ကိုယ်စား သမီးဖြစ်သူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ကြီး လေးဦးသည်လည်း မိမိတို့ဘဝတစ်လျှောက်လုံး စာပေလောကထဲတွင်နှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသ စာပေများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ကြသူများ ဖြစ်တယ်လို့ နစကဉက္ကဌက ဆိုပါတယ်။

 

စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသား စာပေဆုကို ၁၉၄၈ ခုနှစ်က စတင်ပြီး အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” မှ “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲချီး မြှင့်ခဲ့ရာ ဆုချီးမြှင့်မည့် ဘာသာရပ်များကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်တွင် စတင်၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။

 

အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန် စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက် ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်တဲ့ စာမူပေါင်း ၂၈ ခုကို ဆုများချီးမြှင့် ပေးခဲ့ပါတယ်။

 

မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်က စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါနှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ပထမအကြိမ် စာဆိုတော်နေ့ အခမ်းအနားကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) တွင် စတင်ကျင်းပခဲ့သည်မှာ ယနေ့ထက်တိုင် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပလျက်ရှိရာ ၇၈ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

#ygm_mnn
#Yangon_Media_Group