#Local_News
Published_18 November 2022

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ)တို့အကြား နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအဆင့်မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်တွင် ကွန်တိန်နာဖြင့်သယ်ယူ ပို့ဆောင်ရေးစနစ်ကျင့်သုံးရန် နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း စီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကွန်တိန်နာဖြင့် ကုန်စည်သယ်ယူပို့ဆောင်နိုင်ရေး၊ ကျယ်ဂေါင်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျပ်/ယွမ်ဖြင့် ပေးချေမှုစနစ် ပိုမိုအဆင်ပြေချောမွေ့စေရေးတို့ပါဝင်ကြောင်း သိရသည်။

 

ယင်းအပြင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ထောပတ်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကန်စွန်းဥတို့ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ အမြန်ဆုံးခွင့်ပြုဆောင်ရွက်ပေးရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး မကြာခင်ကြံများ တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ရာသီရောက်ရှိမည်ဖြစ်သည့်အတွက် ကြံတင်ဆောင်သော ယာဉ်များအား Green Line ပေးကာ တိုက်ရိုက် ဝင်ထွက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆန်၊ ဆန်ကွဲ၊ ပြောင်းစသည့် လုပ်ငန်းများအပါအဝင် မြန်မာကုမ္ပဏီ (၆၀၀) ကျော်မှ တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACC ထံက မှတ်ပုံတင်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။

 

လက်ရှိတွင် ပြည်တွင်းအခြေစိုက် ဆန်/ဆန်ကွဲတင်ပိုရောင်းချသည့် ကုမ္ပဏီ ၆၂ ခု၊ ပြောင်းတင်ပို့သည့် ကုမ္ပဏီ (၁၁၂)ခုနှင့် တစ်သျှူးငှက်ပျော တင်ပို့ရောင်းချမည့် ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုတို့ကို GACC က မှတ်ပုံတင်ခွင့် ပြုထားကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group