#Local_News
Published_ 18 November 2022

 

ပန်းခင်းစီမံချက်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကာ ယခုအခါ ဒေသ အာဏာပိုင်များနှင့် တိုင်းရင်းသားအဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့် “ဝ” အထူး ဒေသအတွင်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြား ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

“ဝ” အထူးဒေသအတွင်း သွားရောက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အတွက် ကိုယ်ရေးအချက်အလက် မှတ်တမ်းမှတ်ရာများကို စနစ်တကျပြုစုထားရှိရန်နှင့် သက်ဆိုင်ရာ ဒေသတိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ “ဝ”အထူး ဒေသတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မယ့် ဝန်ထမ်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ကြိုင် က တွေ့ဆုံရာတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ထုတ်ပြန်ပြဌာန်းထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအတွက်ရသင့်တဲ့ ကတ်ပြားကို သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးကြရန်လိုသကဲ့သို့ မရသင့်သူများကို ထုတ်ပေးမှု မပြုမိစေရေးအတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ကြဖို့ မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group