#Myanmar_News
Published 15 Nov 2022

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အောက်တိုဘာ ၁၉ရက်က ပါဆယ်ထုတ်အတွင်း မိုင်းထည့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီလို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

 

သက်ဆိုင်ရာက ကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် အသွင်ယူသတင်းရယူ စုံစမ်းထောက်လှမ်းခြင်းနှင့် ခိုင်လုံသည့် လုံခြုံရေး မှတ်တမ်း အထောက်အထားများကို အခြေခံကာရရှိလာသော သတင်းတွေကို ကွင်းဆက်မပြတ် အပူတပြင်း လိုက်လံစုံစမ်းခဲ့ရာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲမှုကျူးလွန်စဉ် မှတ်တမ်းတင် VIDEO ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် Social Media ပေါ်တွင် ထုတ်လွှင့်ဖော်ပြခဲ့သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)နေ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU (၂၅)နှစ် (ဘ)ဦးအောင်ကြီးအား အောက်တိုဘာလ ၂၅ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံတက္ကသိုလ် မှတ်တိုင်၌ စတင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

ဖမ်းဆီးရမိသူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU က အဆိုပါ ဖောက်ခွဲမှုကို ၎င်း၏ ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ်က ကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ် (ဘ)ဦးအောင်စိုးအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အဲဒီ နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာမှာ ဖောက်ခွဲမှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 9MM ကျည်(၃၀) တောင့်၊ ဒီတိုနေတာ(၂)ချောင်း၊ လက်လုပ်မိုင်းဖောက်ခွဲရာတွင်အသုံးပြုခဲ့သည့် A,B,C,D ခလုတ် များပါ Digital Remote Controller တစ်ခု၊ Vinric စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ Alkaline စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ ပေါက်ကွဲမှုဖြစ်ပွားမှုအား Video ရိုက်ကူးရာတွင် အသုံးပြုသည့် ဖုန်းနံပါတ် 09-750048060 ၊ 09-950357050 Sim Card ၂ ကတ်ပါ Tecno Pova Neo အမျိုးအစား နက်ပြာရောင်ဖုန်းတစ်လုံး၊ Sim Card ၂ ကတ်ပါ Oppo A 5s အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံး နှင့် ပြစ်မှုကျူးလွန်စဉ်က ကောင်းထက်(ခ) ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦး ဝတ်ဆင်ခဲ့သည့်အဝတ်အစားများကို သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

 

ကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြု၍ “PDF Brother” Page မှသိခဲ့သည့် “စွန်ရဲ”အမည်ခံ အမျိုးသမီး(ဖမ်းဆီးရန်ကျန်)က Signal မှ ဆက်သွယ်ကာ ၎င်းအား “Special Task Agency Of Burma (STA) အထူးတာဝန် လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လက်ခံကာ လစဉ်တစ်သိန်းကျပ်ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ဩဂုတ်လများအတွင်း ၎င်းတို့အဖွဲ့ဝင်များအကြား လက်နက်ခဲယမ်းများအား သယ်ဆောင်ခြင်း၊ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ) JULU ကိုလည်း STA ရဲ့ အဖွဲ့ဝင်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဝင်ရောက်စေခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကောင်းထက်(ခ) ဖိုးစီသည် လက်လုပ်မိုင်းများထည့်ထားတဲ့ အထုပ်ကို အငှားယာဉ်ဖြင့်တင်ဆောင်ကာ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)နှင့် ချိန်းဆိုထားသည့် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်အနီးရှိ ဒါရ်ကာဗလီသို့ သွားရောက်ခဲ့ပြီးနောက် ဗလီသို့ ရောက်ရှိချိန်တွင် ကျော်ဟိန်းနှင့်အတူ လက်လုပ်မိုင်းများဖြင့် ပါဆယ်ထုပ်ပြုလုပ်ရန် မုန့်များနှင့် တစ်ရှူးများဝယ်ယူ၍ ပါဆယ်ထုပ်များ ပြုလုပ်ခဲ့ပြီး ပါဆယ်ထုပ်များအတွင်း၌ လက်လုပ်မိုင်းများတပ်ဆင်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သူက ထွက်ဆိုတယ်လို့သိရပါတယ်။

 

အဲဒီနောက် ကောင်းထက်(ခ)ဖိုးစီက ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU အား Video ရိုက်ကူးရန် သတိပေးပြီးနောက် မြင့်မိုရ်လမ်းအတွင်းမှနေ၍ အဝေးထိန်း Remote Controller အားနှိပ်၍ ဖောက်ခွဲခဲ့ရာမှာ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးအနက် ဝင်ပေါက်အနီးရှိ အမှိုက်ပုံး ပေါ်နှင့် ပါဆယ်လက်ခံသည့်ဌာန ကောင်တာပေါ်တို့တွင် ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၂ လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

 

ကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ထွေးနှင့် ဒုဦးစီးမှူး ဦးကျော်မိုးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အခြေအနေ စောင့်ကြည့်ပေးခြင်းဖြင့် အကြမ်းဖက်မှုလုပ်ရပ်တွေကို ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အင်းစိန်ထောင်ပေါက်ကွဲမှုတွင် ပါဆယ်ထုပ် လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပါတယ်။

 

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့တဲ့ ကောင်းထက်(ခ)ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။

 

#Ymg/knl
#Yangon_Media_Group