#Local_News
Published _ 2 November 2022

 

လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်ကာလအတွင်း သကြားတန်ချိန် ၁ သန်းထိတင်ပို့နိုင်ရန် လုပ်ဆောင်နေလျှက်ရှိပြီး အဲဒီ့လိုတင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြံစိုက်ခင်းများကိုတိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

တင်ပို့နိုင်ရန် သကြားစက်ရုံလိုအပ်ချက်ရှိနေတာကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာစက်ရုံသစ် ၂ ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်ရုံသစ် ၂ ရုံ၊ စုစုပေါင်းစက်ရုံ ၄ ရုံ တိုးချဲ့တည်ဆောက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

မြန်မာနိုင်ငံဟာနှစ်စဉ် သကြားတန်ချိန် ငါးသိန်းခန့်ထွက်ရှိပြီး ၄ သိန်းခွဲခန့်ကိုပြည်တွင်းမှာ စားသုံးနေပြီး ကျန်ပိုလျှံသည့် သကြားတန်ချိန် ၅ သောင်းကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို အဓိကထားတင်ပို့ရောင်းချနေလျက်ရှိသည်။

 

"သကြားစက်ရုံလိုအပ်ချက်ကြောင့် အဓိကစိုက်ပျိုးနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသကြားစက်ရုံ ၄ ရုံကိုတိုးချဲ့ တည်ဆောက်နေတယ်။ လာမယ့် နှစ်မှာ ၄ခုလုံးပြီးနိုင်ဖို့မျှော်မှန်းထားပါတယ်။ လက်ရှိ ၂ရုံနဲ့ လည်ပတ်နေပါတယ်။ ပြည်ပတင်ပို့မှုအခြေအနေကတော့ လက်ရှိ ပြည်တွင်းစားသုံးတာဖူလုံမှ တင်ပို့တာတွေလုပ်ပါတယ်" ဟု အဆိုပါအသင်းရဲ့တာဝန်ရှိသူမှ ဆိုသည်။

 

မြန်မာတစ်နိုင်ငံလုံး၌ ခေတ်မီသကြားစက်ရုံကြီး ၂၃ ရုံ၊ အသေးစား၊ အလတ်စားသကြားစက်ရုံ ၁၂၉ ရုံရှိနေကြောင်းလည်း သိရှိရသည်။

 

ကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်ရှိနေပြီး ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်လောက်ရှိနေကာ ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေလျှက်ရှိနေကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group