#Local_News
Published_ 2 November 2022

 

မြန်မာနိုင်ငံတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအလှူရှင်(၃၁) ဦး၊ ဦးနှောက်သေလူနာ(၁)ဦးတို့၏ အသည်းလှူတန်းမှုဖြင့် အသည်းအစားထိုးကုသနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊

 

မြန်မာနိုင်ငံ၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၄- ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ စတင်ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ရှေးဦးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်ဟုဆိုသည်၊၊

 

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့တို့၌ အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ (၃၂)ကြိမ်အနက် (၃၁)ကြိမ်မှာ အသည်းအလှူရှင်များ၏ လှူဒါန်းမှုဖြစ်ပြီး ကျန် (၁)ကြိမ်မှာ ဦးနှောက်သေ(Brain Death)လူနာထံမှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကအသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။

 

၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့၌ အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနား (Thanks Giving Ceremony) ကျင်းပပြုလုပ်ခဲ့သည်၊၊


ဒုတိယဝန်ကြီးက "အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲကို (၂၀၁၇)ခုနှစ်၊ (၂၀၁၈)ခု နှစ်၊ (၂၀၁၉)ခုနှစ်တို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် (၂၀၂၂)ခုနှစ်မှ စတုတ္ထအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေး အတွက် လုပ်ငန်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းပြီး ပြည်ပမှ ဆေးပညာရှင်များ ဖိတ်ကြားကာ ပိုမိုတိုးတက် အောင် ဆောင်ရွက်ခဲ့ကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသ မှုဆောင်ရွက်ပေးခဲ့ကြသည့် ဆေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုမှာ အဓိကကျသလို အသည်းအစားထိုး အလှူရှင်များ၏ မွန်မြတ်သောအလှူဒါနအတွက်လည်း အထူးကျေးဇူးတင် ဂုဏ်ယူကြောင်း"ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ဆေးရုံအုပ်ကြီးနှင့် အသည်းနှင့်သည်းခြေလမ်းကြောင်းခွဲစိတ်ကုဌာန၊ ပါမောက္ခ/ဌာနမှူးတို့က အသည်းအစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သည့်အခြေအနေများကိုလည်းကောင်း အသည်းအလှူရှင်တစ်ဦးက လှူဒါန်းရသည့်အကြောင်း နှင့် လှူဒါန်းပြီးနောက် ကျန်းမာရေးအခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အသည်းအစားထိုး လူနာတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အသည်းအလှူရှင်များကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ‌ ပေးအပ်ကြသည်။

 

ဂုဏ်ပြုပွဲအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ကလေးဆေးရုံကြီး(ရန်ကုန်မြို့)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်မြို့)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်မြို့)နှင့် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသစ်တည်ဆောက် ပြီးစီးသည့် ခုတင် (၁၁၀) ဆံ့ ကုသဆောင်သစ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရေး လိုအပ်သည်များမှာကြားကာ လူနာများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

 

#ymg/tthl
#Yangon_Media_Group