#Local_News
Published _ 1 November 2022

 

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၃၀၇ ဦးနဲ့ အမျိုးသမီး ၃၈၉ ဦး စုစုပေါင်း ၆၉၆ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အောက်တိုဘာလ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က အောက်တိုဘာလ ၁၇ ရက်မှ ၃၁ ရက်အတွင်းစိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ် သည်။

 

ထိုအလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့သည်။

 

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအားစိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group