#Local_News
Published_1 Nov 2022

 

စင်ကာပူနိုင်ငံ၊ Resorts World Sentosa Convention Centre ၌ အောက်တိုဘာ (၂၈) ရက်တွင် ကျင်းပသည့် အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက် နည်းပညာဆိုင်ရာအသင်းချုပ်ရဲ့ Digital Summit 2022 သို့ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် Digital Trust Forum ကို ကျင်းပရာ ဒေသတွင်းနှင့် နိုင်ငံတကာမှ IT ပညာရှင်များ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီတို့မှ CEO, CFO နှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ ယုံကြည်မှုအပေါ် ခေါင်းစဉ် (၁၄) ခုဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

 

အဆိုပါ Summit ၏ ညပိုင်း Gala Dinner တွင် ASOCIO Digital Government Award 2022 ကို ပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ လူမှုရေး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းစနစ်ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာ ဖြစ်ပါတယ်။

 

ဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 ကိုရရှိခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆုလက်ခံရယူ ခဲ့ကာ ဆုလက်ခံအပြီးတွင် ASOCIO အသင်းချုပ်၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ASOCIO Digital Summit တွင် နိုင်ငံပေါင်း (၁၄) နိုင်ငံက Digital Government Award အပါအဝင် ဆုပေါင်း(၅၄)ခု ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group