#Local_News
Published_1 November 2022

 

သွင်းကုန်ပစ္စည်းတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲငွေ အပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

 

သွင်းကုန်တင်သွင်းသူများ အနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာသက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ်စနစ်ဖြင့်ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။

 

သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေပမာဏသက်ရောက်မှုကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သည့် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်ကြေညာလွှာဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည့်အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လျှောက်ထားမှုကို နိုဝင်ဘာ ၁ ရက်မှစတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကြောင့် အောက်တိုဘာလ ၁ ရက်အထိလျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်မည်မဟုတ်ဘဲ အဆိုပါရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာလ ၃၀ ရက်မတိုင်ခင် ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group