#Local_News
Published_29 October 2022

 

ပြည်ပမှတင်သွင်းသည့် နိုင်ငံခြားဖြစ်ဆေးဝါး (၁၈) မျိုးကို အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ ဆေးဝါး (၁၈) မျိုးမှာ အက်စ်ပရင်ဆေးပြား - Aspirin၊ ပါရာစီတမောလ် - Paracetamol ၊ ကလိုဖယ်နီရာမင်း - Chlopheniramine maleate ၊ ဒိုင်ရာဇီပင် - Diazepam ၊ မယ်ဗင်ဒါဇော - Mebendazole ၊ ဂျင်တာမိုင်စင် - Gentamicin ၊ မက်ထရိုနိုင်ဒါဇော - Mebendazole ၊ ပရိုပယ်နာလော - Propranolol ၊ ဓါတ်ဆားရည် - Oral Rehydration Salt ၊ ကလိုပရိုမာဇင်း - Chlorpromazine ၊ ဆယ်(လ)ဗြူတာမော - Salbutamol ၊ ဂလူးကို(စ်)+ဓါတ်ဆားရည် အကြောသွင်းဆေး - Intravenous Glucose ၊ ရီဖင်ပီဇင် - Rifampicin ၊ အီသမ်ဖြူတော - Ethambutol ၊ အိုင်ဆိုနိုင်ရာဇိုက် - Isoniazid ၊ ဖရူဆီပိုက် - Frusemide ၊ ဒိုင်ဂေါ့ဆင်း - Digoxin နှင့် ပရက်(စ်)နီဆလုံး - Prednisolone တို့ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ၉ လအတွင်း တင်သွင်းခဲ့သည့် တန်ဖိုးမျာ အမေရိကန်ဒေါ်လာ ၄၅၅ သန်းကျော်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနတို့၏ စိစစ်ချက် တောင်းခံခြင်းကို ဖြေလျှော့ပေးထားကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ပြည်တွင်း၌ နိုင်ငံခြားဖြစ်ဆေးဝါးတွေသည် ဈေးနှုန်းကျဆင်းလာခြင်းမရှိပဲ ဆက်လက်မြင့်တက်နေကြောင်း ဝယ်ယူသုံးစွဲသူတွေထံမှ သိရသည်။

 

" ဆေးတွေက ထက်ဝက်လောက်ကို ဈေးကတက်သွားတယ်။ ဘယ်လိုမှအဆင်မပြေဘူး။ တစ်ခါဝယ်ရင် တစ်ခါဈေးတက်တယ်။ ဈေးကအကျမရှိပဲ အတတ်ကြီးပဲဆိုတော့ အဆင်မပြေဘူး"ဟု ဆေးဝါးဝယ်ယူသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

#ymg/sth
#Yangon_Media_Group