#Local_News
Published _ 26 October 2022

 

မြန်မာတစ်နိုင်ငံလုံးရှိ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့်အချက်ပြများကို တစ်ပြေးညီသတ်မှတ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးမှတ်တမ်းများအရ သိရသည်။

 

လက်ရှိတွင် အချို့ဒေသများတွင် လမ်းညွှန်းလမ်းအမှတ်အသားဆိုင်ရာ ကွဲလွဲအသုံးပြုမှုများ ရှိနေကြောင်း၊ လူကူးမျဉ်းကျားနှင့် လမ်းပိုင်းများတွင် အသုံးပြုနေသော ဆေးရောင်များမှာ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီဖြစ်ရန်လိုအပ်နေကာ လမ်းဘေးပလက်ဖောင်းများမှာလည်း လူသွားရန်လုံလောက်သည့် သတ်မှတ်အကျယ်အဝန်းရှိရန် လိုအပ်နေကြောင်းလည်း သိရသည်။

 

ယင်းကြောင့်မြန်မာတစ်နိုင်ငံလုံးရှိ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကို တစ်ပြေးညီဖြစ်စေရန် တိုင်းဒေသကြီး၊ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များက လုပ်ဆောင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။

 

"လမ်းတွေကို မြေပြင်မှာလက်တွေ့ အကောင်အထည်ဖော် စီမံခန့်ခွဲနေကြတဲ့ ဌာနတွေ အပါအဝင် သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေး ကော်မတီတွေကပဲ လမ်းညွှန်း၊ လမ်းအမှတ်အသားနဲ့ အချက်ပြသတ်မှတ်ချက်တွေကို ရေးဆွဲပြီး စိုက်ထူကြမှာ ဖြစ်ပါတယ်"ဟု YCDC တာဝန်ရှိသူက ပြောသည်။

 

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်တွင်လည်းကောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင်လည်းကောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် 1968 Vienna Convention on Road Traffic နှင့် Road Signs & Signals သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်၍ လက်ရှိထုတ်ပြန် ကျင့်သုံးလျက်ရှိသော လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများမှာလည်း Vienna Convention ၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ပြီးဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) အနေဖြင့် National Road Safety Action Plan (2021-2030) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်း Action Plan တွင်လည်း လမ်းညွှန်း၊ လမ်းအမှတ်အသား၊ အချက်ပြနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ် (၂) ရပ်ပါဝင်ထားကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group