#LocalNews
Published_10 October 2022

 

ကိုဗစ်-၁၉ ကာလအလွန် ထိုင်းနိုင်ငံသို့ တရားဝင်လုပ်သားဦးရေ ၅၆၀၀၀ ကျော်စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် ကပ်ရောဂါကာလအလွန် MoU လုပ်ငန်းစဉ်များ ပြန်လည်စတင်ခဲ့ပြီး မေ ၁၀ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ MoU အလုပ်သမား စုစုပေါင်း ၅၆,၂၃၇ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းက ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ထိုင်းနိုင်ငံက ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိတွင် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် တရားမဝင်သွားရောက်သည့် လုပ်သားအများအပြားရှိနေကြောင်း၊ ယင်းကြောင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း အလုပ်သမားသံအရာရှိရုံးမှ အသိပေးထုတ်ပြန်ထားသည်။

 

ယင်းအပြင် ပြည်ပနိုင်ငံများတွင် တရားဝင်ရွှေ့ပြောင်းလုပ်ကိုင်လိုသူများအတွက် ပြည်တွင်း၌ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများမှ နည်းလမ်းနှင့် အကြံဉာဏ်များ အခမဲ့ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။

 

#ymg/sth
#Yangon_Media_Group