#Local_News
Published_ 7 October 2022

 

နယ်စပ်ဝင်ထွက်ပေါက်များမှ ပြန်လည်ဝင်ရောက်လာကြမည့်မြန်မာနိုင်ငံသားခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးပါက ကိုဗစ်ပိုးရှိမရှိစစ်ဆေးပြီး ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးချက်ပါမှ မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ် ကြောင်းသိရသည်၊၊


အောက်တိုဘာလ(၈)ရက်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့်နယ်စပ်ဝင်/ထွက်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များတွင် ယင်းကဲ့သို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်၊၊

 

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးသူများအနေဖြင့် လွန်ခဲ့သော(၁၄)ရက်ကျော်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသည့် အထောက်အထားများကို ပြသရမည်ဖြစ်သည်၊၊

 

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူများအနေဖြင့် ကိုဗစ်ပိုးရှိမရှိ အများဆုံးလွန်ခဲ့သည့် (၄၈)နာရီက RDT နည်းဖြင့် စစ်ဆေးပြီး ကိုဗစ်ကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေပြသပြီး နယ်စပ်ဝင်ထွက်ပေါက်များမှဝင်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးထားသည့် မိဘ၊ အုပ်ထိန်းသူများနှင့်အတူလာသည့် အသက်(၁၂)နှစ်အောက်ကလေးငယ်များကိုတော့ ယင်းသတ်မှတ်ချက် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်၊၊

 

ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် နယ်စပ်ဝင်ထွက်ဂိတ်တာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာများတွင် ကိုဗစ်စစ်ဆေးရမည်ဖြစ်ပြီး ခရီးသည်တစ်ဦးကို ကျပ်(၁၅၀၀၀)နှုန်းဖြင့် မိမိအစီအစဉ်ဖြင့် စစ်ဆေးကြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊

 

နယ်စပ်ဝင်ထွက်ပေါက်များမှ လာရောက်ကြမည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ ကိုဗစ် ၁၉ ဆိုင်ရာကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားများ ပြသရမည်ဖြစ်ကြောင်းနှင့် အခြားလိုက်နာရမည့်အချက်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group