#Local_News
Published _4 October 2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ပါတီဝင်နှစ်ထောင်ကျော်အသတ်ခံရသည့်အပေါ် အကာအကွယ်မပေးနိုင်ဟု မှတ်ယူကာ ဗဟိုအလုပ်အမှုဆောင်သစ်အတွက် ပြန်လည်အဆိုမပြုတော့ကြောင်း ဦးသန်းဌေးက ယနေ့အောက်တိုဘာလ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ပထမနေ့တွင် ပြောကြားလိုက်သည်။

 

၎င်းအနေဖြင့် ဗဟိုအလုပ်အမှုဆောင်သစ်အတွက် ပြန်လည်အဆိုမပြုတော့သည့်အကြောင်းရင်း သုံးချက်ရှိကြောင်း၊ ယင်းတို့မှာရွေးကောက်ပွဲကိုနိုင်အောင် ဦးမဆောင်နိုင်ခဲ့ခြင်းသည်မိမိ၌တာဝန်ရှိသည်ဟုခံယူခြင်း၊ ပါတီဝင်နှစ်ထောင်ကျော် အသတ်ခံရခြင်းအတွက် ထိရောက်သော အကာအကွယ်မပေးနိုင်ခြင်းသည်မိမိ၌တာဝန်ရှိသည်ဟု မှတ်ယူခြင်း၊ ၇နှစ်ကြာခံစားလာရသော ခါးနာဝေဒနာကို ခွဲစိပ်ကုသခဲ့ပြီး ၆ လအတွင်းလှုပ်ရှားမှုကန့်သတ်ချက်အ
ရ လာမည့်ရွေးကောက်ပွဲတွင် နင်လားငါလားခရီးကြမ်း မထွက်နိုင်တော့ခြင်းတို့ဖြစ်ကြောင်း သိရသည်။

 

ပါတီမှအနားယူတော့မည်ဟု ဆုံးဖြတ်ခဲ့ခြင်းမှာ မိမိအားအွန်လိုင်းမှတိုက်ခိုက်နေမှုများကြောင့် မဟုတ်ကြောင်းနှင့် ပါတီကို မိမိပြီးနောက်ဦးဆောင်မည့်သူအနေဖြင့်လည်း ပါတီဝင်များစည်းလုံးညီညွှတ်ရေး ၊ ပါတီဝင်များ အသက်ဘဝလုံခြုံရေး၊ လာမည့်ရွေးကောက်ပွဲ၌ အောင်နိုင်ရေးတို့အတွက် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ယခုကျင်းပသည့် ညီလာခံတွင် ငါးနှစ်သက်တမ်းရှိ
သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို အဆိုပြုရွေးချယ်သွားမည်ဖြစ်ကာ ပါတီဥက္ကဋ္ဌအသစ်ကိုလည်း ရွေးချယ်ကြမည် ဖြစ်သည်။

 

လက်ရှိတွင် ဦးသန်းဌေးက နှုတ်ထွက်ထားသည့်အတွက် ယာယီဥက္ကဋ္ဌအဖြစ် လဝကဝန်ကြီးဟောင်းဦးခင်ရီက တာဝန်ယူထားခြင်း ဖြစ်ရာ ဥက္ကဌအသစ်မှာလည်း ဦးခင်ရီသာ ဖြစ်လာနိုင်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group