#Local_News
Published_4 October 2022

 

ယခုဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ၂ ဒသမ ၄၉ ဘီလျံခန့် ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၉၆ သန်းတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

 

အဆိုပါ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများအနက် တာချီလိတ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၉ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက်ကန်ဒေါ်လာ ၃၃ ဒသမ ၈၆ သန်းတိုးလာကြောင်း၊ မြဝတီဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၇၃ ဒသမ ၃၂ လျော့ကျခဲ့ကြောင်းသိရသည်။

 

ယင်းအပြင် ကော့သောင်းဂိတ်မှ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၇၈ သန်းကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၃ ဒသမ ၅၈ သန်းလျော့ကျခဲ့ကြောင်း၊ မြိတ်ဂိတ်မှအမေရိကန်ဒေါ်လာ ၅၁.၆၄ သန်း၊ ယခင်နှစ်ထက် ကန်ဒေါ်လာ သုည ဒသမ ၈၄ သန်းလျော့ကျခဲ့ကြောင်းလည်း သိရသည်။

 

ထီးခီးဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံ၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၂၃၉ ဒသမ ၁၃ သန်းတိုးလာပြီး မောတောင်ဂိတ်မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈သန်း၊ ယခင်နှစ်ထက် ကန်ဒေါ်လာ ၁.၇၁ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များ ဖြစ်သော ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန် ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းလျက်ရှိသည်။

 

#ymg/sth
#Yangon_Media_Group