#Local_News
Published _4 October 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှုကို ယနေ့ အောက်တိုဘာလ ၄ ရက်က အပြီးသတ်လျှောက်လဲခဲ့ကာ နောက်တစ်ပတ်တွင်အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

 

"လာမယ့် အပတ် ဗုဒ္ဓဟူးနေ့အမိန့်ချမယ်။ ဒီနေ့လျှောက်လဲချက်မှာ အတိုင်ပင်ခံကသူ့မှာအပြစ်မရှိဘူး။ သူ့ကိုလွှတ်ပေးရမယ်ပေါ့။ ဒါတွေက လှူတာလေ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မောင်ဝိတ်ကလှူတဲ့ကိစ္စလေ။ သွားအလှူခံတာလည်းမဟုတ်ဘူး။ သူ့ဘာသာလာလှူတာ။ အဲဒီငွေတွေကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးလိုက်တာဆိုတော့ အပြစ်မရှိဘူး။ လွှတ်ပေးရမှာပေါ့။ ဒီကိစ္စမှာလှူတဲ့မောင်ဝိတ်ကလည်း တရားစွဲတာမရှိဘူး။ သူ့သဘောနဲ့သူလှူတာလေ"ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲတွင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခြင်းကို ခံခဲ့ရသေးသည်။

 

ယမန်နေ့ အောက်တိုဘာလ ၃ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟာတ်ယာဉ်အမှု ၅ မှုလုံးနှင့် ပတ်သက်၍ တရားလိုပြသက်သေ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းအား စစ်ဆေးခဲ့ကြောင်း၊ နောက်ထပ်စစ်ဆေးရန် လိုပြသက်သေများ ကျန်နေသေးကြောင်းလည်း သိရသည်။

 

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ကလည်း အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းလှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၃ ကို ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group