#Local_News
Published_ 4 October 2022

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင်များအတွက် အိန္ဒိယမှလှူဒါန်းသည့် ဓာတ်ရောင်ခြည်စက်အသစ်ထပ်မံ တပ်ဆင်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်၊၊

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းထားရှိသော Bhabhatron II Cobalt စက်တပ်ဆင်နေမှုကို အောက်တိုဘာလ(၁)ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်၊၊

 

ပြည်ထောင်စုဝန်ကြီးက "ကင်ဆာရောဂါလူနာများ အနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းရသည့် အချိန်လျှော့ချပေးနိုင်ရေးအတွက် Bhabhatron စက် အမြန်ဆုံးတပ်ဆင်ပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ပေးကြရန်၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် Linear Accelerator စက်နှစ်လုံး၏ လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးခြင်း မရှိစေရေး စက်ပစ္စည်းကြံ့ခိုင်မှုအတွက် အလေးထားဆောင်ရွက်ပေးကြရန်၊ ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး ဆောင်ရွက်ကြရန်နှင့် လူနာများ အားကိုးအားထားရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် "မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကင်ဆာရောဂါလူနာများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အပတ်စဉ် လူနာ (၁၀၀၀)ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသစ်တည်ဆောက်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ ခုနှစ်ထပ်ဆောင်တွင် ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ဆေးကုသမှုလူနာဆောင်များနှင့် စာသင်ခန်းများ ပါဝင်မည်ဖြစ်၍ ဆေးကုသရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ ခုနှစ်ထပ်ဆောင်ကို စီမံကိန်းတန်ဖိုး ငွေကျပ်( ၂၁၈၉၇ )ဒသမ (၉၈၂) သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီးလာမည့်ဘဏ္ဍာ ရေးနှစ်တွင် ပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊

#ymg/tthl
#Yangon_Media_Group