#Local_News
Published _4 October 2022

 

ခရီးသည်တင်လေယာဉ်ကို တိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်၍ အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု နစက က သတင်း ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ခရီးသည် ၆၃ ဦးပါ အမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) ကို လွိုင်ကော်လေဆိပ်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သောကြောင့် လေယာဉ်ပေါ်၌စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ အရပ်ဘက်ဆိုင်ရာ လေယာဉ်၊ ပစ္စည်းများနှင့် အရပ်သားများကို ထိခိုက်အောင် တိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗင်းရှင်း ၄ ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law Of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) အရလည်းကောင်း ကြီးလေးသောပြစ်မှုများကို ချိုးဖောက်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျူးလွန်ခဲ့သူများကို နိုင်ငံတော်၏တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

လွန်ခဲ့သော၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်ကတည်းကလည်း အဖွဲ့အချို့အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှုများအပေါ် တိုက်ရိုက်ခြိမ်းခြောက်သည့် ထုတ်ပြန်ချက်များလည်း ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၉ တွင် မည်သူမဆို လေယာဉ် ဝန်ဆောင်မှုပေးချိန်တွင် လေယာဉ်ပေါ်တွင် လေယာဉ်ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေရန် လေယာဉ်ပေါ်ရှိသူ တစ်ဦးဦးကို အတင်းအဓမ္မပြုလုပ်မှု၊ လေယာဉ်ကိုပျက်စီးစေရန် သော်လည်းကောင်း၊ လေယာဉ်ကို ပျံသန်းခြင်းမပြုနိုင်စေရန်သော်လည်းကောင်း၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးနေသည့် လေယာဉ်ကိုပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေယာဉ်ပျက်စီးစေနိုင်သည့် ပစ္စည်းကိရိယာ သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို လေယာဉ်ပေါ်၌ချထားမှု သို့မဟုတ် ထားရှိစေမှု၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန် လေကြောင်းလမ်းညွှန်ဆိုင်ရာ အဆောက်အအုံစနစ်များနှင့် ဆက်သွယ်ရေးအသုံး အဆောင်ပစ္စည်းများကို ပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေကြောင်းလမ်းညွှန် ဆောင်ရွက်မှုကို ဝင်ရောက်နှောင့်ယှက်မှု၊ လေယာဉ်ပျံသန်းမှုအား ဘေးအန္တရာယ်ဖြစ်စေရန် မမှန်ကန်သော သတင်းအချက်အလက်များကို သိလျက်နှင့် ဆက်သွယ်ပေးပို့မှုတို့ကို ကျူးလွန်လျှင် မြို့ပြလေကြောင်းပျံသန်းရေးကို ဘေးအန္တရာယ် ဖြစ်စေသည့် ပြစ်မှုမြောက်ကြောင်း ဖော်ပြပါရှိ ကြောင်း သိရသည်။

 

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ အရ အထက်ဖော်ပြပါ ဥပဒေပုဒ်မ ၉ ပါ မြို့ပြ လေကြောင်းပျံသန်းရေးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပြစ်မှုတစ်စုံတစ်ခုကို ကျူးလွန်ပြုလုပ်မိပါက အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။ ပုဒ်မ ၄၉ တွင် အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာ၌ သူတစ်ဦးဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန်နာကျင်စေလျှင် ကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။ ထို့အပြင် နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေတွင်လည်း လူကိုသေစေခြင်း သို့မဟုတ် နာကျင်စေခြင်း၊ ပစ္စည်းကိုထိခိုက်နစ်နာစေခြင်း၊ ပျက်စီးစေခြင်း၊ ပျက်စီးခြင်းတို့အား ပြုလုပ်ပါက ကျူးလွန်မှုအပေါ် မူတည်၍ ထိရောက်ပြင်းထန်သော ပြစ်ဒဏ် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။

 

ယင်းကြောင့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လေယာဉ်ဝန်ဆောင်မှုပေးနေချိန်တွင် ၎င်းတို့၏ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်၏ မျက်နှာကိုထိမှန်ဒဏ်ရာ ရရှိစေခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၉ နှင့် ပုဒ်မ ၄၉ ကို ကျူးလွန်ခြင်းသာမက ပုဒ်မ ၅၄ ကိုလည်း ကျူးလွန်ရာရောက်ကြောင်း၊ စစ်ရေးပစ်မှတ် မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများအား ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုင်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရလည်း စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်း (၄) ရပ် (Four Geneva Convention) ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law Of Aumed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law) တွင် မည်သည့်လက်နက်ကိုင်ပဋိပက္ခမျိုး (နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခ/ နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ) တွင် အရပ်သားများနှင့် အရပ်ဘက် ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ စည်းမျဉ်းများတွင်လည်း (နိုင်ငံတကာပဋိပက္ခ/ နိုင်ငံတကာမဟုတ်သော ပဋိပက္ခ) အရပ်သားများနှင့် တိုက်ပွဲဝင် စစ်သည်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၁ အဖြစ် ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များသည် အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား အမြဲတစေခွဲခြားရမည်။ တိုက်ပွဲဝင်စစ်သည်များကိုသာ ဦးတည်တိုက်ခိုက်ရမည်။ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟူ၍လည်းကောင်း၊ စည်းမျဉ်း ၂ တွင် အရပ်သားလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အဓိကရည်ရွယ်လုပ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများအား တားမြစ်ကြောင်းဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၇ အဖြစ် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့များသည် အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား အမြဲတစေခွဲခြားရမည်၊ စစ်ရေးဆိုင်ရာရည်မှန်းချက် ကိုသာလျှင် ဦးတည်တိုက်ခိုက်ရမည်၊ အရပ်ဘက် အဆောက်အအုံများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟု ဖော်ပြထားပြီး စည်းမျဉ်း ၁၁ တွင်လည်း တိကျသော စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ဦးတည် တိုက်ခိုက်ခြင်းမရှိ ခွဲခြားခြင်းမရှိဘဲ သိမ်းကျုံးတိုက်ခိုက်ခြင်း (Indiscriminate attacks)အား တားမြစ်ထားကြောင်း ဖော်ပြပါရှိကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

#ymg/mt
#Yangon_Media_Group