#Local_News
Published_27 September 2022

အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဗန္ဓုလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။

 

အဆိုပါယာဉ်လိုင်းများမှာ YBS 12၊ YBS 13၊ YBS 14 ၊ YBS 25 ၊ YBS 30 ၊ YBS 38၊ YBS 55 ၊ YBS 117၊ YBS 128 ယာဉ်လိုင်းများဖြစ်ပြီး ပြောင်းလဲကောက်ခံမည့် ယာဉ်စီးခနှုန်းထားမှာ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့်စီးနင်းပါက ခရီးစဉ်မှတ်တိုင် (၃၀) အထိ ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၂၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

YRTC အနေဖြင့် YBS ယာဉ်လိုင်းအားလုံးကိုပုံသေနှုန်းထားတစ်ခုသာသတ်မှတ်ထားသော်လည်း ယာဉ်လိုင်းအချို့မှာ ၅၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံမှုများရှိနေကြောင်း သိရသည်။

 

“YBS ယာဉ်စီးခက ၂၀၀ လို့သာ သတ်မှတ်ထားပေမယ့် အဲ့ထက်မက ပေးစီးနေရတယ်။ သူတို့ကိုပြန်ပြောရင်လည်း မချေမငံပြန်ပြောတယ်။ အခုအားလုံးက အစစအရာရာဈေးတက်နေတော့လည်း ဘာမှတော့ မပြောလိုပါဘူး”ဟု YBS စီးသည့်ခရီးသည်တစ်ဦးက ပြောသည်။

 

ယင်းအပြင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းအားလုံးတွင်လည်း ၎င်းနှုန်းထားအတိုင်း ပြောင်းလဲကောက်ခံနေခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ ယင်းအပြင် YPS ကတ်စနစ်ဖြင့်စီးနင်းသူခရီးသည်ဦးရေမှာ ငါးသောင်းပတ်ဝန်းကျင်ရှိကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group