Published 26 Sept 2022

ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၃)ခုမှ ခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။

 “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ရာမှာ  ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချူပ်မှူးကြီးက ယခု ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုတဲ့ အခြေအနေတွေ၊  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုတဲ့ အခြေအနေတွေ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်း လိုက်နာလျက်ရှိသည့် အခြေအနေတွေနှင့်  သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဖြင့်သာ ဆွေးနွေးဖြေရှင်းဆောင်ရွက်ရန် လိုလားပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လည်ဆွေးနွေးခဲ့ပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ကြတယ်လို့သိရှိရပါတယ်။

ယခုငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် တို့နှင့်အတူ (UWSP)မှ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ (NDAA)မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ (SSPP)မှ အတွင်းရေးမှူး(၂) စဝ်ဆိုင်းဆုနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

ယခုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source SAC’s info

#ymg/knl

#Myanmar_EAO_Peace_Talk