#LocalNews
Published _25 September 2022

 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာ ကုလားတန်မြစ်အတွင်း၌ စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်က တစ်ဖက်နိုင်ငံသို့ မှောင်ခိုပို့ဆောင်မည့် နွားများတင်ဆောင်လာသော စက်လှေ ၂ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ စက်လှေမှာ တောင်ကုတ်ဘက်မှ ထွက်ခွာလာပြီး မင်းပြားမှတစ်ဆင့် ပုဏ္ဏားကျွန်းအနီးသို့ရောက်ရှိစဉ် စက်လှေ ၂ စီးနှင့်အတူ လူ ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုပို့ဆောင်မည့် ကာလတန်ဖိုးကျပ်သိန်း ၃၄၄ ခန့်ရှိ ခိုင်းနွားအကြီး ၄၃ ကောင်ကို တပ်မတော်ရေယာဉ်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဖမ်းဆီးရမိသူများထံမှ နွားမှောင်ခိုအတွက် AA အဖွဲ့ထံ ဆက်ကြေးပေးဆောင်ထားသည့် ပြေစာဖြတ်ပိုင်းများ သိမ်းဆည်းရမိခဲ့သည့်အတွက် စစ်ဆေးမေးမြန်းခဲ့ရာ တောင်ကုတ်နှင့် မင်းပြားမြို့နယ်အတွင်းရှိ AA စစ်ဒေသများအတွက် နွားအရွယ်အစား အကြီး၊အသေး အပေါ်မူတည်၍ (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းအထိ ဆက်ကြေးပေးဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊သို့သော်လည်း ပြေစာဖြတ်ပိုင်းတွင် (၂)ရာခိုင်နှုန်းဖြင့်သာ ရေးသားပေးကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ ဖမ်းဆီးရမိသော စက်လှေနှင့် နွားများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်သိမ်းဆည်း၍ ဖမ်းမိသူများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူပြီး ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group