#Local_News
Published_ 18 September 2022

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များကျရောက်ခြင်းမှာ AA နှင့် ARSA ဘင်္ဂါလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေး အကြောင်းကြားစာများပေးပို့ထားကြောင်း နစက မှ စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိပြီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ် တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား စခန်း၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၀ မိနစ် ၅၉.၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၂ မိနစ် ၁၆,၂၆ စက္ကန့်နေရာမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၁ မိနစ်၃၀၂ စက္ကန့်အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ် ၂၀.၉၁ စက္ကန့်သို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

 

စက်တင်ဘာလ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား အထက်ပါပစ်ခတ်ခဲ့သည့် နေရာများမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၁၉ စက္ကန့်သို့ လက်နက်ကြီးကျည် ၃ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၀.၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၇၅ စက္ကန့်သို လက်နက်ကြီးကျည် ၂ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆.၁၀ စက္ကန့်သို ၁ လုံးနှင့် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၂၄.၈၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆၀၁ စက္ကန့်သို့ ၃ လုံး အသီးသီးကျရောက်ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

 

နစက အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ် ကာလအတွင်း AA အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲနှင့်ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ထိုကဲ့သို့ လက်နက်ကြီးကျည်ကျော်ကျပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးရှိ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။ AA အဖွဲ့အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများဆောင်ရွက်၍ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတစ်ဆင့် အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေးအကြောင်းကြားစာများ ပေးပို့ထားရှိကြောင်း စက်တင်ဘာ ၁၇ ရက် နစကရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

ygm_mnn
#Yangon_Media_Group