#Local_News
Published _ 13 September 2022

 

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၇ ဦးကို နှစ်နိုင်ငံပူးပေါင်းကယ်တင်လိုက်နိုင်သော်လည်း အယောက် ၁၀၀ လောက် ကျန်နေသေးကြောင်း အဆိုပါ နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။

 

ဒူဘိုင်းတွင် အိမ်အကူလုပ်ရမည်ဟုဆိုကာ အခန်းတွင်းပိတ်လှောင်ခံထားရသောကြောင့် လူမှုကွန်ရက်ကနေ Live လွှင့်အကူအညီတောင်းခံခဲ့သည့် အမျိုးသမီး ၇ ဦးဟာ စက်တင်ဘာလ ၉ ရက်မှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။

 

အလားတူ လူကုန်ကူးခံထားရသည့် အမျိုးသမီး ၁၀၀ လောက် ဒူဘိုင်းမှာ ကျန်ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်ကယ်ထုတ်ပေးရန် ဒူဘိုင်းတွင် အလုပ်လုပ်နေသူတစ်ဦးမှ ဆိုထားသည်။

 

"တချို့တွေ ဆက်သွယ်စရာ ဖုန်းလည်းမရှိကြဘူး။ ပတ်စ်ပို့တွေလည်း အသိမ်းခံထားရတော့ အတော်ဒုက္ခရောက်နေကြတယ်။ ကွင်းဆက်လိုက်ပြီး ကယ်ဖို့လိုတယ်"ဟု သူက ပြောသည်။

 

မြန်မာအမျိုးသမီးများကို ဒူဘိုင်းတွင် လစာကောင်းသည့် အလုပ်ရမည်ဟုဆိုကာ အီရတ်၊ အီရန်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ဂျော်ဒန်နှင့် အိုမန်နိုင်ငံတွေဆီ ရောင်းစားနေကြောင်း သိရသည်။

 

လူကုန်ကူးခံရသူများထဲမှ အမျိုးသမီး ၇ ဦးကို ကနဦးကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဒူဘိုင်းသို့ ပို့ဆောင်ရာမှာ အဓိက ပါဝင်သူဖြစ်သည့် ဒူဘိုင်းတွင် နေထိုင်သည့် မကေသီမြင့်ကို တာမွေမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

မကေသီမြင့်ကို ဒူဘိုင်းရဲတပ်ဖွဲ့မှ ဩဂုတ်လ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ပြီး အင်တာပိုလ်ကလည်း လူကုန်ကူးသူအဖြစ် ကြေညာခဲ့သည်။

 

ရန်ကုန်မြို့မှ မကေသီမြင့်ဆီ လူပို့ပေးနေသည့် မမီးမီးနှင့် မဆွေဆွေမြင့်တို့ကိုလည်း မြန်မာရဲတွေက ဖမ်းဆီးမိခဲ့ကြောင်း ဆိုထားသည်။

 

ဒူဘိုင်းမှာ အလုပ်ရမည်ဟုဆိုကာ လိမ်လည်စေလွှတ်ခြင်းတွေ များနေသောကြောင့် သွားရောက်လုပ်ကိုင်မည့်သူတွေအနေနှင့် အယုံမလွယ်ကြရန် ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ သတိပေးထားသည်။

 

#ymg/NN
#Yangon _ Media_ Group