Published 8 Sept 2022

ရုရှားဖက်ဒရေးရှင်းနိင်ငံ၊ Primorskyဒေသရှိ ဗလာဒီဗော့စတော့ခ်မြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် စီးပွားရေးစင်တာ Business Center တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်မယ်လို့သိရပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့မှာ Primorskyဒေသ အစိုးရအဖွဲ့အကြီးအကဲ Mr. Oleg Nikolaevich Kozhemyako နှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ Primorskyဒေသ နှင့် မြန်မာနိုင်ငံတို့အကြား ကုန်စည်ပို့ဆောင်ရေး၊ပို့ကုန် သွင်းကုန်တိုးမြှင့်ရေး၊ မြန်မာ ကျောင်းသူကျောင်းသားတွေ ပညာတော်သင်များအဖြစ်လက်ခံရေး၊ လူငယ်များအတွေ့အကြံဖလှယ်သည့်အစီအစဉ်များတွင် မြန်မာလူငယ်တွေပါဝင်ရေးနှင့် မြန့်မာစိုက်ပျိုးရေးကဏ္ဍမှ တာဝန်ရှိသူတွေ လာရောက်လေ့လာစေလိုတာတွေကိုလည်း Primorskyဒေသ အစိုးရအဖွဲ့အကြီးအကဲက ကူညီဆောင်ရွက်ပေးမယ့်အခြေအနေတွေကို ပြန်လည်ပြောကြားဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ့အပြင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဟာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့်အဖွဲ့တို့နှင့် အဲဒီပြည်နယ်ပြခန်းဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံနှင့် အဲဒီ Buryatia ပြည်နယ်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ထို့အပြင်  နစက ဥက္ကဋ္ဌဟာ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ် ပါမောက္ခချုပ် Mr.Boris Nikolaevich Korobetsနှင့်လည်း အဲဒီတက္ကသိုလ်မှာ မြန်မာနိုင်ငံနှင့်ပညာရေးပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ အကြားမကြာမီ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့သိရပြီး မြန်မာနိုင်ငံမှ သင်တန်းသားတွေလာရောက်ပါက အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေကိုလည်း ပါမောက္ခချုပ်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။

သက်တမ်း ၁၂၃နှစ်ရှိပြီဖြစ်တဲ့ အဆိုပါတက္ကသိုလ်ကြီးတွင် ပညာရပ်ပေါင်းစုံ၊နယ်ပယ်စုံသင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာပညာတော်သင်တွေစေလွှတ်ဖို့နှင့် တက္ကသိုလ်များအချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက် ပညာရေးမြှင့်တင်နိုင်မည့် ကိစ္စတွေကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊

Source: SAC’s information