Published 6 Sept 2022

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာတစ်ခုကို စက်တင်ဘာ (၆)ရက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporationတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရှေ့မှောက်တွင် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့နှင့် Rosatom State Corporation ရဲ့အမှုဆောင်အရာရှိချုပ် မစ္စတာ အဲလက်ဇီအက်ဗ်ဂျင်နီဗစ်လီခါရှက်ဖ် ( Mr. Alexey Evgenievich Likhachevi) တို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

လက်မှတ်မရေးထိုးခင် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ Rosatom State Corporation အမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့ဝင်တွေနှင့် နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ  အတွေ့အကြုံနှင့် နည်းပညာတွေ လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေတွေနှင့် နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိစေမည့်  ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတွေ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ နိုင်ငံသားများရဲ့ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်မည့် အစီအစဉ်တွေ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ အင်္ဂါနေ့မနက်ပိုင်းမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ခင်းကျင်းပြသထားတဲ့ပြခန်းတွေကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီပြခန်းတွေထဲမှာ RZD Russian Railways ကုမ္ပဏီရဲ့ ရထားလုပ်ငန်းဆိုင်ရာပြခန်း၊ Rus Hydroelectric Power Generationကုမ္ပဏီပြခန်း၊VEB.RF Investment ကုမ္ပဏီပြခန်း၊Aeroflot Airline ပြခန်းတွေပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: SAC’s Information

#Russia_Myanmar

#Rosatom_State_Corporation

#EEF_Russia