#Local_News
Published _ 6 September 2022

 

ထိုင်းဒေသခံ မွတ်ဆလင်လူမျိုး အဝတ်အစားဝတ်ဆင်ပြီး ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားလေးဦးနှင့် ကလေးငယ်တစ်ဦး၊ ထိုင်းမွတ်ဆလင်လူမျိုး ကားမောင်းသမားတစ်ဦးတို့ကို ရနောင်းခရိုင်မှာ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးမခံရရန် အဆိုပါ မြန်မာလုပ်သားလေးဦးနှင့် ကလေးငယ်တစ်ဦးဟာ ထိုင်းဒေသခံ မွတ်ဆလင်လူမျိုး အဝတ် အစားဝတ်ဆင်ကာ တရားမဝင် ဝင်ရောက်လာသော်လည်း ရနောင်းခရိုင်အခြေစိုက် အမှတ်- ၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း ယင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

၎င်းတို့လိုက်ပါလာသည့်ကားကို ရနောင်းခရိုင်၊ စု(က်)စမ်ရမ်မြို့နယ်၊ နာခါကျေးရွာ၊ ကီလိုမီတာ ၇၀ မိုင်တိုင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးခဲ့ရာ ဒေသခံ ထိုင်းမွတ်ဆလင် အဝတ်အစားနှင့် မြန်မာလုပ်သားများကို ထိုင်းဘာသာစကားဖြင့် မေးမြန်းသည့်အခါ ပြန်မဖြေသောကြောင့် အထောက်အထားများထပ်မံစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
လိုက်ပါလာသည့် ကားကို မောင်းသူမှာ ရနောင်းဒေသခံ ထိုင်းမွတ်ဆလင်ဖြစ်ပြီး ထိုကားမောင်းသမားကိုလည်း ဖမ်းဆီးထားသည်။

 

ဆက်လက်ပြီး ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားများဟာ ကော့သောင်းမြို့မှ ပါနန်နယ်စပ်ဂိတ်ကတစ်ဆင့် Border Pass (ယာယီနယ်စပ်ဖြတ်ကျော်ရေးစာအုပ်)နှင့် ဩဂုတ်လကထဲက ဝင်ရောက်လာကြကြောင်း ဆိုထားသည်။

 

ယင်းတို့ကို ကားမောင်းသမားက စဖန်ပလာမှ သွားခေါ်ဆောင်လာပြီး နာခေါကျေးရွာ၊ ဘန့်ဘန်ဘွန်ရွာငယ်ကို ပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရသည်။

 

နောက်ထပ် ကားမောင်းသမားတစ်ဦးက ၎င်းတို့အား အဆိုပါရွာမှတဆင့် ဖူးကက်အလုပ်ရုံသို့ ပို့ဆောင်မှာဖြစ်ကြောင်း ဆိုထားသည်။

 

ဖမ်းဆီးခံရသည့် ကားမောင်းသမားဟာ ပို့ဆောင်ခအနေနှင့် အလုပ် သမားတစ်ဦးလျင် ဘတ် ၁,၅၀၀ ရပြီး မြန်မာလုပ်သားတွေအနေနှင့် ပွဲစားခ တစ်ဦးလျင် ဘတ် ၁၂,၀၀၀ စီ ပေးခဲ့ရကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူများကို အရေးယူနိုင်ရန် စု(က်)စမ်ရမ် မြို့မ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group