#Local_News
Published _ 6 September 2022

 

မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

 

"ဆန်တန်ချိန် ၂ သိန်းကို ဝယ်ယူမယ်ဆိုတာ ဟုတ်ပါတယ်။ G to G စနစ်နဲ့ ဝယ်ယူမှာပါ ၊CIF နဲ့ အာမခံကြေးအပါအဝင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၅ ဒသမ ၅၀ နဲ့ ရောင်းဖို့ နှုတ်အားဖြင့် သဘောတူပြီးပါပြီ၊ မကြာခင်မှာစာချုပ်ချုပ်ဆိုကြမှာပါ"ဟု အဆိုပါဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက YMG ကို ပြောသည်။

 

အဆိုပါ ဆန်ဝယ်ယူမှုအတွက် စာချုပ်ချုပ်ဆိုပြီးပါက လပိုင်းအတွင်း တင်ပို့သွားမည်ဖြစ်ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိက ဆိုသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမှုကို ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပခဲ့ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့သည်။

 

လက်ရှိတွင် ပြည်တွင်း၌ ဆန်တန်ချိန် (၃ ဒသမ ၆၃၅) သန်းကျန်ရှိနေသေးကြောင်း၊ ပြည်တွင်းစားသုံးလိုအပ်ချက်မှာ (၃ ဒသမ ၁၃၄) သန်းသာဖြစ်သောကြောင့် ပြည်တွင်းသုံးစွဲမှုအတွက် ဆန်ဖူလုံနေသည့် အနေအထားတွင် ရှိနေကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group