Published 5 Sept 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဆင့်မြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၅ရက် တနင်္လာနေ့က ဗလက်ဒီဗော့စတော့ခ်မြို့က ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ တတိယမြောက်ဖွင့်လှစ်ခဲ့တဲ့ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (Makarov Pacific Higher Naval School)ကို ပထမဦးစွာ လေ့လာကြည့်ရှုခဲ့ရာမှာ  သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရေတပ်ဗိုလ်ချုပ် ဗလက်ဒီမာ ဗာဆီလီဗစ် ဘူရာကော့ဗ်က သင်တန်းကျောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီသင်တန်းကျောင်းမှာ သင်တန်းသားတွေကိုယ်တိုင် တီထွင်ထားတဲ့ ဆိုလာစွမ်းအင်သုံး ရေယာဉ်ကို စမ်းသပ်မောင်းနှင်ပြခဲ့တယ်လို့လည်းဆိုပါတယ်။

အဲဒီနောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters  ကိုဆက်လက်သွားရောက်ရာမှာ ဒုတိယဌာနချုပ်မှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချူပ် ဗလက်ဒီမာ အက်စတာဟော့ဗ်က ဌာနချုပ်နှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

ညနေပိုင်းမှာ ဗိုလ်ချူပ်မှူးကြီးနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ဆက်လက်လေ့လာခဲ့ကြရာမှာ အရှေ့ဖျားသင်္ဘောကျင်းကုမ္ပဏီ အကြီးအကဲ မစ္စတာအင်ဒရေးဆာဗာရီလော့ဗ်က  အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြပါတယ်။

အဲဒီဆိပ်ကမ်းကို ၁၈၇၂ ခုနှစ်မှာ ရုရှားရေတပ်ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ပထမကမ္ဘာစစ်ကာလအတွင်း စစ်ဘက် သယ်ယူပို့ဆောင်ရေးတွေကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ နိုင်ငံခြားကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးနောက် ၁၉၉၀ပြည်နှစ်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖြစ်ပြောင်းလဲခဲ့တာလို့သိရပါတယ်။  ဒီဆိပ်ကမ်းဟာ ရုရှာဖက်ဒရေးရှင်းနှင့် နိုင်ငံအရှေ့ပိုင်းတို့တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထို့အပြင် ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ Far Eastern Federal University Medical Centerကိုလည်းသွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။

Source: SAC’s information