Published_2 Septmber 2022

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နှင့် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ ကို နစက က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စက်တင်ဘာလ ၁ ရက် ကြာသပတေးနေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ ရုံးထုတ်ကြားနာပြီး စက်တင်ဘာလ ၂ ရက် (ယနေ့)တွင် ထောင်ဒဏ် တစ်နှစ်စီ အသီးသီး ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်တွင် လိပ်စာပြောင်းလျှောက်ထားရန် ပျက်ကွက် သဖြင့် ဗြိတိန်နိုင်ငံသူ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း နစက အနေဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။

မစ္စဗစ်ကီဘိုးမန်း၏ ဗီဇာနေထိုင်ခွင့်သက်တမ်းမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်အထိဖြစ်ပြီး စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်ကို မတ်လ ၉ ရက်က ထုတ်ပေးခဲ့ကြောင်း၊သို့သော်လည်း
ယင်းတို့နှစ်ဦး က ထုတ်ပေးသည့် နေရပ်လိပ်စာတွင် မနေဘဲ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိဦးထိန်လင်း၏ နေအိမ်၌ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်ထိ နေထိုင်သည့်အတွက်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စဗစ်ကီဘိုးမန်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ခဲ့ကာ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေအပေါ် ဆန့်ကျင်လျက် ဇနီးဖြစ်သူ၏နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်မှုကိုသိသော်လည်း ဆက်လက်နေထိုင်ရန် ကူညီအားပေးအားမြှောက်ပြုခဲ့ခြင်းကြောင့် ပုဒ်မ ၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ygm/mt
Yangon_Media_Group