#Local_News
Published_2 September 2022

 

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူတို့သုံးဦးကို ယနေ့ စက်တင်ဘာလ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးသည်ဆိုသော ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)အမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

"သူတို့ သုံးယောက်လုံးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်တာပါ။ ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုပါဘူး"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၁၀ မှု အတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသောကြောင့် ယနေ့ ချမှတ်လိုက်သည့် ထောင်ဒဏ် ၃ နှစ် အပါ ထောင်ဒဏ်စုစုပေါင်း နှစ် ၂၀ ထိ ရှိလာပြီဖြစ်သည်။

 

ယင်းအပြင် နောက်ထပ် ရင်ဆိုင်ရန် အမှု ၈ မှု ကျန်ရှိနေသေးကြောင်း၊ယင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အဂတိမှု ၂ မှု၊ လျှိဝှက်ချက်အက်ဥပဒေနှင့်တစ်မှု၊ ရဟတ်ယာဉ်ဝယ်ယူမှုကိစ္စ အဂတိမှု ငါးမှုဖြစ်ကြောင်း သိရသည်။

 

ဦးဝင်းမြင့် အနေဖြင့် ပုဒ်မ ၅၀၅ (ခ) အတွင် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည့်အနက် ထောင်ဒဏ် ၂ နှစ်ကို လျှော့ပေါ့ပေးထားသည့်အတွက် ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၃ နှစ် နှင့် ဆိုပါက စုစုပေါင်း ၅ နှစ် ကျခံထားရခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသေးသည့်အမှု ၈ မှု တွင် ဦးဝင်းမြင့် အနေဖြင့် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ အဂတိမှုငါးမှုတွင် အတူတူ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group