#Local_News
Published_ 28 Aug 2022

 

ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi နှင့် ဖိတ်ကြားထားသော အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် ဖူလုံရေးဝန်ကြီး H.E. Mr. Katsunobu KATO က ပေးပို့သည့် အထိမ်းအမှတ် အဖွင့်အမှာစကား ဗီဒီယိုကို ပြသပါတယ်။

ထို့နောက် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး စတင်ဖြစ်ပေါ်လာပုံ အထိမ်းအမှတ် ဗီဒီယိုကိုပြသ၍ ဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသည့် အာဆီနိုင်ငံများက ကိုယ်စားလှယ်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပါတယ်။

 

ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး၊ ASEAN Center for Public Health Emergency and Emerging Diseasesကို ဂျပန်နိုင်ငံအထောက်အပံ့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ် ဆိုင်ရာအခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊ ကူးစက်မြန်ရောဂါဖြစ်ပွားမှုများ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အာဆီယံနိုင်ငံများအချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အာဆီယံနိုင်ငံများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်နိုင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

ဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul နှင့် တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကာကွယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆိုင်ရာ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group