#Local_News
Published _ 23 August 2022

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲတွင် မြန်မာဘက်ခြမ်းသို့ တရားမဝင် တင်သွင်းမည့်ကားနှစ်စီးနှင့် ဆိုင်ကယ် ၁၃ စီးကို ဩဂုတ်လ ၂၂ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်ဘက်က ထုတ်ပြန်ထားသည်။

 

အမှတ်(၃၅၀၈) ရိန်းဂျားတပ်ခွဲမှ တပ်ဖွဲ့ဝင်များသည် ထာ့ဆောင်ယန်းမြိုနယ် ဘန့်မိုင်ထိုင်းလုမ့်ယင် ကျေးရွာအုပ်စု သောင်ရင်းမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူနေစဉ် နံနက်ပိုင်းက တောထဲ၌ လမ်းလျှောက်လာသည့် လူခုနစ်ဦးအား စစ်ဆေးရန် ရပ်ခိုင်းရာ တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ယင်းနောက် အနီးအနားတစ်ဝိုက် လိုက်လံရှာဖွေစစ်ဆေးရာ နံပါတ်ပြားမပါရှိသည့် မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကားတစ်စီး၊ တံခါးလေးဘက်ပါအဖြူရောင် အီစူဇူးကားတစ်စီးနှင့်အတူ မသင်္ကာသူတစ်ဦးအား တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သောင်ရင်းမြစ်ကမ်းနားတောထဲ၌ဝှက်ထားသည့် မော်တော် ဆိုင်ကယ် ၁၃ စီးကိုထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူကို ဆက်လက်အရေးယူရန် မဲ့မွေးနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group