#Local_News
Published_ 23 Aug 2022

 

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင်နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

နစကဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန်စတင် ထမ်းဆောင်ချိန်မှစ၍ အစိုးရအဖွဲ့ကိုစတင် ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများ ပါဝင်ဖွဲ့စည်း၍ အစိုးရတစ်ရပ်၏ လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။

 

နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဦးတည်ချက်များကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကိုဗစ် ၁၉ ဒုတိယလှိုင်းဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရပြီး ဆေးဝါးနှင့် ဆရာဝန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ ၁၄၂,၉၄၁ ဦး ရှိခဲ့ကြောင်း၊ တတိယလှိုင်း ဖြစ်ပွားခဲ့ချိန်တွင်လည်း ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်ခဲ့ပြီး ပိုးတွေ့လူနာ ၃၉၁,၃၅၃ ဦး၊ သေဆုံးသူ ၁၆,၀၉၅ ဦးရှိခဲ့ပြီး အပြင်းထန်ဆုံးကာလ ဖြစ်ခဲ့ကာ အစိုးရအဖွဲ့အနေဖြင့် အခက်အခဲများကြားမှ ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

စတုတ္ထလှိုင်း ဖြစ်ပွားသည့် ကာလအစမှ ယခုလ ၂၁ ရက်အထိ ပိုးတွေ့လူနာ ၇၉,၉၈၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂၇ ဦး ရှိခဲ့ကြောင်း၊ ယခင် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများထက်များစွာ ကျဆင်းသွားခဲ့ကြောင်း၊ ထိုသို့ကျဆင်းစေရန် အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ပြည်သူလူထုများနှင့် အခက်အခဲဖြစ်ပွားချိန်တွင် အကူအညီများပေးခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့် မိတ်ဆွေနိုင်ငံတို့ကြောင့်ဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါတယ်။

 

၎င်းတို့ကူညီပေးခဲ့မှုများကြောင့် မိမိတို့နိုင်ငံရှိ ပြည်သူများ ကိုဗစ်ဖြစ်ပွားမှုမှ များစွာလျော့ပါးစေခဲ့ကြောင်း၊ အခြားနိုင်ငံများ အနေဖြင့်လည်း အထိုက်အလျောက် ကူညီမှုများရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ဖြင့် မိတ်ဝတ်မပျက် ဆက်ဆံရေးဖြင့် ဆက်ဆံဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ထို့ပြင် အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်းများ အဆင်ပြေစေရန်နှင့် လူမှန်နေရာမှန် ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင်ကာလများအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

ygm_mnn
#Yangon_Media_Group