#LocalNews
Published_21 August 2022

 

မလေးရှားနိုင်ငံတွင် မေလ တစ်ရက်မှ မှ သြဂုတ်လ ၁၅ ရက်ထိ ရခိုင်ပြည်နယ်က လာရောက်သူများအနက် လူတစ်ထောင်ကျော် အဖမ်းခံထားရပြီးဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များ ကူညီရေးဗဟို၏ တာဝန်ရှိသူက YMG ကို ပြောသည်။

 

"မလေးရှားမှာ အော်ပရာစီ စီမံချက်ဟာ ငရဲခန်းပဲ၊အခုနောက်ပိုင်းမှာ စီမံချက်ကြောင့် ဝင်ဖမ်းတာတွေကို သတင်းမထုတ်တော့ဘူး၊ကျွန်တော်တို့အနေနဲ့တော့ အဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသားတွေ ပြန်လည် လွတ်မြောက်ရေး၊လွတ်မြောက်ပြီးရင်လည်း မလေးရှားမှာ လုံလုံခြုံခြုံ နေထိုင်လို့ရအောင်ကူညီတာ၊မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင်လည်း ငွေကြေးမရှိတဲ့သူတွေကို ငွေကြေးထောက်ပံ့တာ စသဖြင့် ကူညီပေးတာတွေကို လုပ်ပါတယ်"ဟု ယင်းတာဝန်ရှိသူက ပြောသည်။

 

အဖမ်းခံထားရသူများအနေဖြင့် ရဲစခန်းမှတစ်ဆင့် အကျဉ်းထောင်များတွင် အကျဉ်းကျကာ သတ်မှတ် မလေးရှားဥပဒေအတိုင်း ပြစ်ဒဏ်ကျခံပြီးပါက ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်နေထိုင်ကြရကာ ယင်းမှတစ်ဆင့် နေရပ်များကို ပြန်ခွင့်ရှိကြောင်းလည်း သိရသည်။

ယင်းအဖမ်းခံရသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ထိုင်း-မလေးရှားနယ်စပ် ကလန်းတန်းပြည်နယ်၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းဖြစ်ပြီး အဖမ်းခံရသူများအနေဖြင့်လည်း အဆိုပါနယ်စပ်များတွင် အဖမ်းခံရသည်က များပြားကြောင်းလည်း သိရသည်။

 

လက်ရှိတွင်အဖမ်းခံရသူများအား ကူညီနိုင်ရန် မလေးရှားရှိ ရခိုင်ဒုက္ခသည်များဗဟိုအနေဖြင့် အချက်အလက်များစာရင်းပြုစုနေကာ မလေးရှားနိုင်ငံရှိ သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ မိသားစုများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပူးပေါင်းကူညီပေးရန်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group