Published 17 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ဩဂုတ်(၁၇)ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စအပါအဝင် အခြားကိစ္စတွေ ဆွေးနွေးကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အခြားအသေးစိတ်တော့ ဖော်ပြထားခြင်းမရှိပါဘူး။

အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ  “ ဆိုးရွားလာနေတဲ့ မြန်မာ့အခြအနေနှင့် လက်ငင်းစိုးရိမ်ပူပန်မှုတွေအပြင် သူမကို တာဝန်ပေးအပ်ထားတဲ့ အခြားနယ်ပယ်နှင့်ဆိုင်တာတွေကိုဆွေးနွေးမယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က  သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပြောကြားထားပါတယ်။

“ သူမဟာ နိုင်ငံရေး နယ်ပယ်တစ်လွှားက ပါဝင်သူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လက်ရှိပဋိပက္ခဖြစ်နေတဲ့ လူမှုအဖွဲ့ အစည်းတွေနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီးတဲ့နောက် သူမရဲ့ယခုခရီးဖြစ်လာတာ”လို့လည်း ဒူဂျာရစ်ကပြောကြောင်း ကုလရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

သူမဟာ စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှင့် အမျိုးသမီးတွေစီးပွားဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ပေးတဲ့ ကုလရဲ့ UNIFEMကို ၁၉၉၄မှ ၂၀၀၇ အထိ ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။ ၂၀၀၇မှ ၂၀၁၄ အထိ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (အာရှပစိဖိတ်ဒေသ)ရဲ့ အမှုဆောင်အတွင်းရေးမှူးလုပ်ခဲ့သူလည်းဖြစ်တဲ့အကြောင်းသိရပါတယ်။

ymg/knl