#Local_News
Published_17 August 2022

 

စစ်ကိုင်းတံတားပေါ်တွင် ယနေ့ သြဂုတ်လ ၁၇ ရက်နံနက်၈နာရီ ၁၅ မိနစ် အချိန် ဘီးခွန်ကောက်ခံသည့်ဂိတ်တွင် သတင်းအရ ရန်ကုန်က မုံရွာသို့သွားသည့် အကာသမှန်လုံယာဉ်ကို လခရပူးပေါင်းအဖွဲ့မှစစ်ဆေးစဉ်ကားပေါ်ပါ သေနတ်သမားများမှ စတင်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ၅ ဦး ဒဏ်ရာရခဲ့ကာ သေနတ်သမား ၂ ဦးသေဆုံး၍ တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။

 

"ခရီးသည်တင်ကားပေါ်ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကားပေါ်ပါအကြမ်းဖက် ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့မနက် ၈ နာရီခွဲမှာ ဖြစ်သွားတာပါ။ ကားပေါ်မှာပါတဲ့ ခရီးသည်အချို့ကို ဆက်လက်ပစ်ခတ်တာတွေ၊ ခရီးသည်တွေကို ဓားစာခံလုပ်ပြီး အကာအကွယ်ယူပြီး ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်တော်လေးခက်ခက်ခဲခဲ အခြေအနေကို ရင်ဆိုင်ရပါတယ်။ ဒီဖြစ်စဉ်မှာအကြမ်းဖက် ၂ ဦး အသေ၊ တစ်ဦးအရှင်ဖမ်းမိပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ သူ့ကို အကြမ်းဖက်အဖွဲ့က ဖမ်းချုပ်ပြီး လူသားဒိုင်းလို အကာအကွယ်ယူ လုပ်တာကြောင့် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ဒဏ်ရာမရပေမဲ့ ထိတ်လန့်ရှော့ခ်ဖြစ်ပြီး သေဆုံးသွားပါတယ်။ နောက် ၅ ယောက်က ဒဏ်ရာရာတာ မစိုးရိမ်ရပါဘူး"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

အရှင်ဖမ်းမိသူ၏ ပြောပြချက်အရ ယာဉ်ပေါ်ပါ ပစ္စည်းများကို စစ်ဆေးရာ ငါးပိထည့်ထားသောကတ္ထူပုံး အတွင်းမှ တူရကီနိုင်ငံထုတ် Panzer အမျိုးအစား 12 V (၃) လက်၊ခဲယမ်းမျိုးစုံ၊ KNLA ယူနီဖောင်းတို့ထပ်မံဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်မျိုးကို အကြမ်းဖက်သူများက ခရီးသည်တင်ယာဉ်များကိုအသုံးချကာ ပိုမိုပြုလုပ်နေခြင်းဖြစ်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်တွေ့သည်များကို ပူးပေါင်းပါဝင်ပေးကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိပြုလုပ်နေသောသတင်းစာရှင်းလင်းပွဲအတွင်း ပြောသည်။

 

ယင်းအပြင် ယာဉ်လိုင်းတာဝန်ရှိသူများအနေဖြင့်လည်း သတ်မှတ်ချက်များအတိုင်း သေချာစွာ စစ်ဆေးရန်လိုကြောင်းနှင့် ပိုက်ဆံရပြီးရော တင်ဆောင်ခြင်းများပြုလုပ်ခြင်းဖြင့် မဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ထိခိုက်သေကြေမှုကို ဂရုပြုသင့်ကြောင့် ၎င်းကပြောသည်။

 

လက်ရှိတွင် ဒဏ်ရာရသူများအား တပ်မတော်ဆေးရုံ၌ အနီးကပ်ကြီးကြပ်ဂရုတစိုက် ကုသပေးနေကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group