#Local_News
Published_12 August 2022

 

ချင်းပြည်နယ်၏ ထင်ရှားသောကျီရီးယန်းတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။

 

ကျီရီးယန်းတောင်သည် ချင်းပြည်နယ်တွင် ထင်ရှားသော ကျောက်တောင်ကြီး တစ်ခုဖြစ်ပြီး ထန်တလန်မြို့မှ ၄၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး လွန်ခဲ့သော၂၀၁၈ ခုနှစ်၊ မေလတွင်ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းမှ ဧက ၆၈၀၄ ဒသမ ၅၀ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကျီရီးယန်းတောင် အမျိုးသား ဥယျာဉ်အဖြစ် သြဂုတ်လ ၈ ရက် မှစ၍ သတ်မှတ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ကျီရီးယန်းတောင်သည် ဟားခါး-ထန်တလန်- ဆာဆီချောက် ကားလမ်းမကြီးဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရုပ်သွင် ထူးခြားသော ဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသား သင်္ကေတဖြစ်သော တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီနှင့် ချယ်ရီပင်များ ပေါက်ရောက်ကာ သဘာဝတောအနေအထားများ ကောင်းမွန်ခြင်း၊ မျိုးသုန်းရန်အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသည့် သဘာဝကျောက်ဆောင် ကျောက်တန်းများနှင့် ရေတံခွန်များ တည်ရှိခြင်းနှင့် ရှည်လျားပြီး လူတစ်ရပ်ခန့်မြင့်သည့် လိုဏ်ဂူအတွင်း သေးငယ်သည့် လင်းနို့များစွာ တွေ့ရှိရခြင်းတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများ စုံလင်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group