#Local_News
Published -11 August 2022


ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် မြန်မာလုပ်သားလေးဦးအတွက် လျော်ကြေးငွေ ဘတ်ငါးသိန်းစီကို ၎င်းတို့၏ မိသားစုတွေထံ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

 

ဇန်နဝါရီ၂၀ ရက်က ကန်ချနဘူရီပြည်နယ်၊ သွန်ဖာဖမ်ခရိုင် အမှတ် (၃၂၃)လမ်းမကြီးပေါ်မှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့်ကားသည် စစ်ဆေးရေးဂိတ်ကိုတွေ့ပြီး နောက်ကြောင်းပြန်ကွေ့ခဲ့ရာမှ ရှေ့ကမောင်းနှင်နေသည့် ဆယ်ဘီးကားကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကားပေါ်တွင် တရားမ၀င် မြန်မာလုပ်သား ၁၀ ဦးလိုက်ပါလာသည့်အနက် ငါးဦး သေဆုံးခဲ့ ပြီး၎င်းတို့သည် ဘုရားသုံးဆူမြို့နယ်မှ ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်ကို ၀င်ရောက်ပြီး တောလမ်းခရီးကနေ စိုင်ရိုခရိုင်နယ်စပ်၊ ယင်းမှ ကန်ချနဘူရီပြည်နယ်ကို ကားဖြင့်၀င်ရောက်စဉ် ယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့်သူတွေထဲမှ လေးဦး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအပြည့်အစုံရရှိထားခြင်းကြောင့် လေးဦးအတွက်သာ ကျန်ရစ်သည့်မိသားစုကို လျော်ကြေးငွေ ပေးအပ်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။

 

ဖြူးမြို့နယ်ရှိ မောင်သက်နိုင်ဖြိုး(အသက် ၂၀ နှစ်)၊ မောင်နိုင်၀င်းစိုး(အသက် ၃၃ နှစ်)၊ ရသေ့တောင်မြို့နယ်က ဦးအောင်ရွှေ၀င်း(အသက် ၃၈ နှစ်)၊ မခင်မာနွယ်(အသက် ၂၇ နှစ်)တို့အတွက် လျော်ကြေးငွေ ဘတ် ငါးသိန်းစီကို မြန်မာအလုပ်သမား၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မိသားစုတွေထံ အဖိတ်အစင်မရှိ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းလည်းမြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group