Published-6 Sep 2021

ကုလသမဂ္ဂဝန်ထမ်းများအနေနဲ့ အထင်အမြင်လွဲမှားစေသော ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ ပြည်တွင်းရေးတွင် စွက်ဖက်မှုများမှ ရှောင်ကြဉ်ရန်နှင့် အများပြည်သူသို့ အသိပေးပြောကြားရာတွင် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကိုကျင့်သုံးရန် နစက နိုင်ငံခြားရေးဝန်ကြီးဌာန က သတိပေးထုတ်ပြန်လိုက်ပါတယ်။
 
ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံးက နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲများတွင် မြန်မာနိုင်ငံကို မကြာခဏရည်ညွှန်းပြောကြားလျက်ရှိကာ ပြည်တွင်းတွင်နိုင်ငံတကာရဲ့ အာရုံစိုက်မှုလိုအပ်တဲ့ အထင်ကရဖြစ်စဉ်မရှိဘဲ နိုင်ငံတစ်နိုင်ငံကို ရွေးချယ်ပစ်မှတ်ထားလျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးမှ စိစစ်၍ မရနိုင်သောပုံကြီးချဲ့ထားသည့်ကိန်းဂဏန်းများပါဝင်သည့် အစီရင်ခံစာများကို ၎င်းရုံးကကိုးကားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း ၎င်းရုံး၏ စိုးရိမ်ပူပန်မှုများကို မည်သည့်အခါမျှ ဝန်ကြီးဌာနနှင့် မေးမြန်းစိစစ်ခဲ့ခြင်းမရှိကြောင်း၊ ယင်းသို့စိစစ်ရမည့်အစား ပြောခွင့်ရပုဂ္ဂိုလ်ရုံးသို့ပေးပို့ပြီး အများသို့ထုတ်ပြန်လျက်ရှိရာ ကုလသမဂ္ဂဝန်ထမ်းများပညာရှင်ဆန်မှုမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေတယ်လို့ ယနေ့ညနေပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။