ရန်ကုန် စက်တင်ဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့တဲ့မြို့ပတ်ရထားတိုက်ခိုက်မှုမှာပါဝင်သူများကို

မီးရထားရဲတပ်ဖွဲဝင်များရဲ့ လက်နက်များနှင့်အတူ ဖမ်းဆီးရမိတယ်လို့ နစကက ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ဖြစ်စဉ်မှာ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၆ ဦး သည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ် ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင် အကြားတွင် လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်တွေနှင့်ခဲယမ်းအချို့ ယူဆောင်သွားခြင်းခံခဲ၌ရတယ်လို့ နစက ကသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

 

အဲဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အသုံးပြုခဲ့သည့် တက္ကစီယာဉ်အမှတ် 1H/6927 AD Van အမျိုးအစား အဖြူရောင်ယာဉ်နှင့် GG/ 6266 Fielder အမျိုးအစား ခဲရောင်တက္ကစီယာဉ်တို့အား ယာဉ်အမှတ် အတုများ ပြောင်းလဲ၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း  ထိုနောက် ယာဉ် အမှတ် 1H/6927 နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဝင်းထွဋ်နှင့်ဆက်စပ်သူများအားလည်း ကောင်း၊ ယာဉ်အမှတ် GG/ 6266 နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကျော်ကျော်မင်းနှင့် ဆက်စပ်သူများအား လည်းကောင်း အသီးသီးဖော်ထုတ်ရရှိနိုင်ရေးဆောင်ရွက်မှုများနှင့် အခြား ရရှိ ဆက်စပ်သတင်းများအရ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ ဒဂုံလွင်လမ်း၊ မဟာနွယ်လမ်းနှင့် ဇေယျသုခလမ်းထောင့်ရှိ တိုက်အမှတ်(၇)၊ အခန်း (၃၀၂) (ဘီ) အား ဝင်ရောက်ရှာဖွေခဲ့ရာ မသင်္ကာဖွယ် ၃ ဦး ဖြစ်သည့် ကျော်ဝင်းစိုး(ခ) ကျော်ကြီး (၃၃)နှစ် ၊ ကောင်းပြည့်စုံဦး (ခ)စိန်စိန်(ခ)ကတုံးမ(၂၇)နှစ်၊ ဆန်းမင်းအောင် (၂၄)နှစ် တို့ကို တွေ့ရှိ ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။

 

၎င်းတို့၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသူများ ဖြစ်ကြောင်း သိရှိရပြီး ဆက်စပ်သတင်းအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်(2/A)မှန်ခန်းသို့ ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ မြတ်ဖြိုးပွင့်အား တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း ထည့်ထားသည့် လက်နက်(၄) လက်အား တွေ့ရှိခဲ့ပြီး ၎င်းလက်နက်များသည် မီးရထား ရဲတပ်ဖွဲ့ထံမှ ယူဆောင်သွားသော လက်နက်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

 

၎င်းအပြင် တိုက်ခန်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဇေယျာဖြိုး(ခ)တရုတ်လေး (၃၂)နှစ်(ဘ)ဦးမြတ်နိုင်အား ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ အဖွဲ့အား ဦးဆောင်ခဲ့သူ လင်းလင်း(ခ) နေလင်းထိုက်(ခ) ထဆင်ထူး(ခ) ဗိုလ်လပြည့်ဝင်း နေထိုင်သည့် ဒဂုံ(မြောက်)၊ မ-၁၅၀(၃၁)ရပ်ကွက်၊ ဇေယျဒီပ(၁)လမ်းအိမ်အား သွားရောက် ရှာဖွေခဲ့ရာ တွေ့ရှိခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ မဥမ္မာ နေထိုင်သည့် စမ်းချောင်းသို့ထွက်ခွာ သွားကြောင်းသိရှိရသည့်အတွက် အဆိုပါနေအိမ် အား ထပ်မံရှာဖွေခဲ့ရာ ၎င်းနေအိမ်မှ တစ်ဆင့် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

 ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် များကို သိုဝှက်သိမ်းဆည်းထားသည့် အောင်ကြီး(တိမ်းရှောင်) နေထိုင်သည့် တိုက်(၄၄)၊ ရန်ကြီးအောင်လမ်း၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ စမ်းချောင်းသို့ သွားရောက်ထပ်မံ ရှာဖွေခဲ့ရာ Hytera စာတန်းပါအထိုင်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကောင်းပြည့်စုံဦး သည် သင်္ဘောသား အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရန်ကုန်သို့ပြန်လာခဲ့ပြီး ၎င်း၏အဒေါ်ဖြစ်သူမှာ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းဒေသကြီး၊ (လဝက)ဝန်ကြီးဟောင်း)ဖြစ် ကြောင်း၊ကောင်းပြည့်စုံဦး၊ ဇေယျာဖြိုး၊ နေလင်းထိုက်၊ သီဟ၊ မိုးသူကြီး၊ ပုချေ အပါအဝင်(၂၅)ဦးခန့်ဖြင့် မတ်လ ၂၂ ရက်နေ့တွင် KNU တပ်မဟာ(၃)နယ်မြေ၌ တိုက်ခိုက်ရေး သင်ခန်းစာများကို သင်ကြားခဲ့ပြီး မေလ အတွင်းတွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒဂုံ(မြောက်)နေအိမ်တွင် နေလင်းထိုက်မှ ဦးဆောင်ပြီး ကောင်းပြည့်စုံဦး၊ ကိုဇော်၊ ရှမ်းလေး၊ မဖြိုး၊ ဇေယျာဖြိုးအပါအဝင်(၁၅)ဦးခန့်မှ မီးရထား ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ် ကြရန် တိုင်ပင်ခဲ့ကြကြောင်း၊ ထိုသို့ တိုင်ပင်ခဲ့ရာတွင် ရထားပေါ်သို့ စောင့်ကြည့်လေ့လာ ရန်အတွက် ဆန်းမင်းအောင်(ဖမ်းမိ)၊ ကျော်ကြီး(ခ)ကျော်ဝင်းစိုး(ဖမ်းမိ)နှင့် ကိုရှိုင်း (ဖမ်းဆီးရန် ကျန်)(၃)ဦးမှ တာဝန်ယူပြီး ကောင်းပြည့်စုံဦး၊ နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေးတို့မှ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရန်တာဝန်ယူခဲ့ကြကြောင်း၊ ရထားမောင်းများကို သေနတ်ဖြင့် ချိန်ရွယ်ထိန်းသိမ်းရန်အတွက် နန္ဒ(ခ)ဂျာကြီးပါ (၃)ဦးမှ တာဝန်ယူခဲ့ကြကြောင်း သိရပါတယ်။

 

ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် မီးရထား ရဲများရှိရာ တွဲနံပတ်(၄)သို့ သွားရောက်ပြီး ဆန်းမင်းအောင်အပါအဝင်(၄)ဦးမှ သွားရောက်၍ အခြေအနေအား စောင့်ကြည့်ခဲ့ကြောင်း၊ ရှမ်းလမ်းဘူတာတွင် နေလင်းထိုက်နှင့် ရှမ်းလေး တို့တက်လာခဲ့ပြီး အလုံဘူတာမှ ပန်းလှိုင် ဘူတာသို့ ထွက်ခွာလာစဉ် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်၍ လက်နက်များအား နေလင်းထိုက်အဖွဲ့က ယူဆောင်၍ အငှားယာဉ်များဖြင့် လည်းကောင်း၊ ကောင်းပြည့်စုံဦး အပါအဝင် ၃ ဦးသည် ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

 

ယင်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖုန်း Group တွင် ရေးသားထားမှုအရ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်များကို သိမ်းဆည်းရာတွင် လုံခြုံစိတ်ချစေရန် မောင်သော်(ခ)ဖြိုးဇေယျာသော်(NLD လွှတ်တော်အမတ်ဟောင်း)ထံ၌ သိမ်းဆည်းထားခဲ့ကြောင်း၊ ထို့နောက် ဇေယျာဖြိုးမှ ၎င်း၏ချစ်သူ မြတ်ဖြိုးပွင့် အားဖုန်းဖြင့် ဆက်သွယ်၍ လက်နက်များအား နေမင်း က လာပို့မည်ဖြစ်ကြောင်း၊ လက်နက်များလာပို့လျင် သိမ်းဆည်းထားရန် မှာကြားခဲ့သဖြင့် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်များထည့်လာသည့် ဂီတာအိတ်(၂)အိတ်ကို 2J/1902 Camery ခဲရောင်ကားဖြင့် သင်္ကန်းကျွန်းအိမ်သို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်များရှာဖွေသိမ်းဆည်းခြင်းခံခဲ့ရတာဖြစ်တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။