#Local_News
Published_27 July 2022

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြန်ဝင်လာ၍ လက်ခံထားကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်သည်။

 

"သူတို့စွပ်စွဲနေသလို ပုဂ္ဂိုလ်ရေးအရဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး၊တရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအရလုပ်ခဲ့တာဖြစ်ပါတယ်၊ သူတို့စွပ်စွဲနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုလုပ်တယ်လို့ မဟုတ်မမှန်စွပ်စွဲပါတယ်။ အဲဒီလိုမဟုတ်ပါဘူး၊ ဘာမှလည်းမဆိုင်ပါဘူး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကို အရေးယူတယ်ဆိုရင် ငပုတောအမတ် ပြန်ဝင်လာတယ်၊ ကျွန်တော်တို့လက်ခံတယ်၊ မြန်မာနိုင်ငံထဲမှာ လေးပုံသုံးပုံရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်ဟောင်းတွေ ဒီအတိုင်းအေးအေးဆေးဆေးရှိနေပါတယ်၊ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားမှုလုပ်လို့ အရေးယူတာမဟုတ်ဘူးလေ"ဟု သတင်းစာရှင်းလင်းပွဲတွင် ပြစ်ဒဏ်စီရင်မှုနှင့် ပတ်သက်၍ မီဒီယာများ မေးမြန်းမှုအပေါ် ပြန်လည်ပြောကြားရာ ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် နစကထံ လက်နက်ချသွားသည်ဆိုသော PDF အဖွဲ့ဝင် ၅ ဦးအနက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ငပုတောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) က အရွေးချယ်ခံထားရသော ဦးသက်ပိုင်စိုး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတို့မှာ ပုဒ်မ-၅၀၅ (က) ဖြင့် ဝရမ်း ထုတ်ခံရသူများဖြစ်ပြီး တိမ်းရှောင်နေရာမှ ပြန်လာကြခြင်းဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်က ခံဝန် လက်မှတ်ရေးထိုးထားကြကြောင်းလည်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့် နှစ်၊ ရွေးကောက်ပွဲတွင် အရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအနက် မြောင်းမြမြို့နယ်မှ NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း နစကထံ ခံဝန်လက်မှတ်ရေးထိုးထားကြောင်း သတင်းရရှိသည်။

 

ymg/mt
#Yangon_Media_Group